ဧရာဝတီတိုင်းမ်
မေ ၇ ရက်

ရန်ကုန်မြို့ဈေးကွက်အတွင်း ယခုရက်ပိုင်း၌ ပြည်တွင်းစားသုံးမှုများသော အသားစား ကြက်သားနှင့် ကြက်ဥများဈေးမြင့်တက်နေကြောင်း စျေးကွက်အတွင်းက သိရသည်။

ရန်ကုန်မြို့‌ဈေးကွက်တွင်အသားစားကြက် CP ကြက်ဈေးသည် တစ်ပိဿာလျှင် ကျပ် နှစ်ထောင်မှ ငါးထောင် ကြားဈေးမြင့်တက်လာပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀ မှ ၁၀၀ ကျပ်ကြားဈေးမြင့်တက်လာကြောင်းသိရသည်။

ယခုကြက်သားတစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ ကြားရှိပြီး ကြက်ဥ တစ်လုံးလျှင် ၃၂၀ ကျပ်မှ ၃၆၀ ကျပ်ရှိကြောင်း ရန်ကုန်မြို့ရှိ လက်လီဈေးကွက်ထံက သိရသည်။

ယခင်က အသားစားကြက် တစ်ပိဿာလျှင် ကျပ်တစ်သောင်း(၁၀,၀၀၀) ရှိပြီး ပုံမှန် ကြက်ဥအရွယ် အစားတစ်လုံးလျှင် ၂၅၀ ကျပ်ရှိကြောင်း စုံစမ်းသိရသည်။

” ပြီးခဲ့တဲ့လက ကြက်သားဈေးတက်သေးတယ်။ တစ်ပတ်၊ နှစ်ပတ်လောက်ကို တစ်ပိဿာ ၁၂,၀၀ဝ ဖြစ်ရင် ၁၀,၀၀၀ ဈေးပြန်ဖြစ်သွားတယ်။ အခု ကြက်သား ဈေးတက်တာ နှစ်ပတ်‌လောက်ရှိပြီ ပြန်မကျသေးဘူး။ ကြက်ဥဈေးတက်တာလည်း ခက်ခဲတယ်။ ကုန်ဈေးနှုန်းတက်နေလို့ အာဟာရပြည့်မီတောင်မစားနိုင်တော့ဘူး ” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကြက်မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကြက်ဥနှင့် ကြက်ပေါက် ထုတ်လုပ်‌ရေး အတွက်လိုအပ်သည့်ကုန်များ၊ ကြက်အစာ‌နှင့်ဆေးတို့ကို နိုင်ငံခြားမှ အများဆုံးတင်သွင်းရခြင်းဖြစ်သည်။

လက်ရှိစားသုံးနေသည့် အသားစားကြက်၊ ဥစားကြက်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံကုမ္ပဏီက ၇၆ ရာခိုင်နှုန်းထုတ်လုပ်ပြီး မြန်မာနိုင်ငံသားလုပ်ငန်းရှင်က ၂၄ ရာခိုင်နှုန်းထုတ်လုပ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ်စာရင်းများ အရသိရသည်။

ထို့ပြင် နိုင်ငံခြားသားပိုင်ကုမ္ပဏီများက ထုတ်လုပ်သောအသားစားကြက်နှင့် ကြက်ဥ ပိုများ ကြောင်းသိရသည်။

” ကြက်သားတွေဈေးတက်တာက ကြက်အစာ‌ဈေးတွေကြောင့်ဖြစ်မယ် ထင်တယ်။ ကြက်အစာတွေ ဆေးတွေကနိုင်ငံခြားကသွင်းတာများတယ်။ သွင်းလာပြီးတော့ ဆိပ်ကမ်း ရောက်ရင်ထုတ်ရခက်တာတွေ။ ကြက်စာသွင်းလာတဲ့ဈေးနဲ့ လက်ရှိ ပေါက်ဈေးနဲ့ ကွာဟချက်ရှိတယ်ဆိုပြီး custom ( အကောက်ခွန်) ကပြင်ဆင်ခိုင်းတာတွေနဲ့ပေးရတာတွေရှိတော့ နောက်ဆုံးစားတဲ့ သူဆီပဲဈေးတက် တာပေါ့” ဟု အကောက်ခွန်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့မှ ကြက်မျိုးရင်းတင်သွင်းပြီး မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ၁၀ ခုနှင့် နိုင်ငံခြားသားပိုင်ကုမ္ပဏီ ခုနစ်ခုရှိပြီး မျိုးခြံစုစုပေါင်း ၁၄၄ ခြံနှင့် ဥဖောက်စက် ၁၈ ခုရှိကြောင်း ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်စာရင်းများအရသိရသည်။

၂၀၁၈ ခုနှစ်တွင် လူတစ်ဦးတစ်နှစ်လျှင် ပျှမ်းမျှကြက်သားစားသုံးမှု ၃ ဒသမ ၇ ကီလိုဂရမ်၊ ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၂ ကီလိုဂရမ်စားသုံးမှုရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံက သိရသည်။

ကြက်ခြံအများဆုံးသည် ရန်ကုန်တိုင်းတွင်ရှိပြီး ပဲခူး၊ မန္တလေး၊ ရှမ်းပြည်တို့တွင်လည်း ရှိကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကြက်သား #ကြက်ဥဈေးတက် #ကြက်စာဈေး #Ayeyarwaddy_Times