မြရာ၊နိုရာ/ဧရာဝတီတိုင်းမ်
မေ ၇ ရက်
စစ်ကောင်စီက လူငယ်၊ လူရွယ်များကို အဓိကပစ်မှတ်ထားပြီး စစ်ဆေးဖမ်းဆီးကာ အတင်းအဓမ္မ စုံစမ်းဖမ်းဆီးနေတဲ့ကြားက ရန်ကုန်မြို့လို မြို့ကြီးတွေမှာ တော်လှန်ရေး အတွက် အသက်နဲ့ကိုယ်စတေးရင်းနှီးပြီး ခက်ခက်ခဲခဲ အသက်ဆက်ရပ်တည်နေရတဲ့ မြို့ပြပြောက်ကျား (UG) လူငယ် များစွာရှိပါတယ်။
နရသိန်ကနေ ပြန်လည်လွတ်မြောက်လာသည့်တိုင် တော်လှန်ရေးကိုသာ စိတ်နှစ်ပြီး ခက်ခက်ခဲခဲ ရပ်တည်နေတဲ့ UG ရဲမေ Teddy ကို ဧရာ၀တီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ရဲမေTeddy တော်လှန်ရေးထဲ စတင်၀င်ရောက်ဖြစ်ပုံ
အာဏာသိမ်းတယ် သတင်းကြားအပြီးမှာ လူငယ်ပီပီ ဒေါသမထိန်းနိုင်ခဲ့ဘူး။ တစ်နေကုန်တနုံ့နုံ့နဲ့ ဘာလုပ်ရမယ်မှန်းလည်း မသိ၊ အကြမ်းဖက်အဖွဲ့ဖြစ်မှာဆိုးလို့ လမ်းပေါ်လည်း မထွက်ရဲခဲ့ဘူး။ ၂၄ နာရီဆိုတဲ့ ဂျင်းက မိသွားသေးတယ်။ နောက်ရက်မှာ မအိသဉ္ဇာမောင်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ လမ်းပေါ်ထွက်ပြီး ကိုယ်နိုင်ရာဝန်ကို စထမ်းခဲ့တယ်။ နောက်ပိုင်း တက္ကသိုလ် ကျောင်းသားတွေ၊ သမဂ္ဂတွေနဲ့ စနစ်တကျ စုဖွဲ့ဆန္ဒပြ မှုတွေကို လုပ်ခဲ့တယ်။ အဲဒီကတည်းက ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်က အဆင်ပြေမှာမဟုတ်ဘူးလို့ သိထားပြီးသားပါ။ မတ်လထဲရောက်တော့ စစ်တပ်ကအစွယ်ထုတ်ပြပြီး လူတွေ စသတ်တဲ့အချိန် ကျွန်မတို့လည်း လမ်းစဉ်ပြောင်းရတော့တယ်။
ရဲမေTeddy UG လုပ်ပြီ
ကျွန်မတို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို သွားဖို့ ရွေးချယ်အပြီးမှာ အိမ်ကမသိအောင် အစုအဖွဲ့တွေနဲ့ လက်ဖက်ရည်ဆိုင်မှာတွေ့တယ်။ နောက်စီးတီးမတ်လိုနေရာ မျိုးတွေ၊ မုန့်တီဆိုင်လို နေရာမျိုးတွေမှာထိုင်တယ်။ ညဘက်ဆိုရင်လည်း ဘီယာဆိုင်လို နေရာမျိုးတွေမှာ အများနည်းတူ ရောနှောနေထိုင်ပြီး ကျွန်မတို့ရှေ့ဆက်မယ့်လမ်းကို တိုင်ပင်ခဲ့ကြရတယ်။ ဘီယာဆိုင်လို နေရာကိုရွေးရတာက အများအမြင်မှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ ကလေကဝ လူငယ်တွေအဖြစ် မြင်နေဖို့က အဓိကပါ။ ကျွန်မတို့အတွက် ပိုလုံခြုံတယ်လေ။ ကျွန်မတို့ကို လှူမယ့် ကူမယ့်သူလည်းမရှိဘူး။ သွားပြီးချိတ်ဆက်ဖို့လည်း အဆက်အသွယ်ကောင်းကောင်း မရှိခဲ့ဘူး။ နောက်ပိုင်း ကျွန်မတို့အဖွဲ့ထဲကို နာမည် ကြီးသူဌေးကြီးတစ်ယောက်ရဲ့သား ဝင်လာတော့မှ တစ်နေ့တာ နေထိုင်စားသောက်ဖို့ အဆင်ပြေခဲ့တယ်။
မစ်ရှင်ဖော်ဆောင်ပြီ
ကျွန်မတို့တွေ လက်လုပ်ဗုံးလုပ်တာတွေ၊ ချိန်ကိုက်မိုင်းဆင်တာတွေကို လပေါင်းများစွာလုပ်ခဲ့ပြီး အိမ်ကရှိတဲ့ပစ္စည်းနဲ့ငွေကြေးကုန်သလောက်ရှိတဲ့ အချိန်မှာ အဲဒီလက်လုပ်မိုင်းတွေ ဗုံးတွေ စလုပ်လာနိုင်ခဲ့တယ်။ ကျွန်မမှတ်မိတဲ့ မစ်ရှင်က ရန်ကုန်မြို့နယ်ထဲက ရဲတပ်ရင်းတစ်ခုကို ချိန်ကိုက်မိုင်းခွဲတာ။ ပထမဦးဆုံးမစ်ရှင်မှာ အောင်မြင်ခဲ့တယ်။ ကျွန်မတို့ထောင်ထားခဲ့တဲ့ မိုင်းကို လာရှင်းတဲ့ စစ်သား ၃ ယောက်မိုင်းထိသွားတယ်။ အဲဒါပထမဦးဆုံး မစ်ရှင်ပဲ။
ဒလန်ပါလာပြီ
ကျွန်မတို့အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင်လည်းဖြစ် ငွေကြေးလည်းအဓိက ထောက်ပံ့နေတဲ့ အကိုကနေ တစ်ဆင့် စစ်ကြောရေးကလွတ်လာတဲ့ လူတစ်ယောက် ကျွန်မ တို့အဖွဲ့ထဲကို ဝင်လာခဲ့တယ်။ သိသာတာက သူဝင်လာ ပြီးနောက်ပိုင်း မစ်ရှင်တွေက သတင်းပေါက် ကြားပြီး ကြိုရှင်းခံရတယ်။ တစ်ယောက်စ နှစ်ယောက်စလည်း အဖမ်းခံလာရတယ်။ ကျွန်မတို့တွေ အိမ်မှာနေလို့မရတော့ဘူး။ ဟိုသူငယ်ချင်းအိမ်စုနေ၊ ဒီသူငယ်ချင်း အိမ်စု နေနဲ့ မိဘတွေကအစ မကြည်ဖြူတော့ဘူး။
ကျွန်မတို့ကို အဓိကထောက်ပံ့နေတဲ့ သူဌေးသားကို ခရီးသွားနေရင်း လမ်းမှာ သတင်း အတိအကျနဲ့ အစစ်ခံရတယ်။ သူ့မှာပါတဲ့ လက်တော့ပ်တွေ ဖုန်းတွေ စာရွက်စာတမ်းတွေ အကုန်ပါသွားပြီး သူလည်း တစ်ပတ်လောက် စစ်ကြောရေး ရောက်သွားတယ်။ သူ့ အဖေက ငွေလမ်းခင်းပြီး အသည်းအသန်လိုက်လို့ ပြန်တော့လွတ်ခဲ့တယ်။
လူစုခွဲဖို့ကြံစည်ရပြီ
အဲဒီကိစ္စဖြစ်ပြီးနောက်မှာ ကျွန်မတို့မစ်ရှင်တွေ ခဏနားပြီး လက်လုပ်မိုင်းတွေ၊ ယမ်းတွေ၊ သေနတ်စတာတွေ ကို နေရာရွှေ့ရတယ်။ မိုင်းရွှေ့တဲ့သူက တခြားသူကို အသိမပေးရဘူး။ သေနတ်သိမ်းတဲ့သူကလည်း တခြားသူမသိအောင်သိမ်းရတယ်။ ကျွန်မတို့အဖွဲ့ထဲ ဒလန်ရောက်နေတာ သေချာနေပြီဆိုတော့။ နောက်ပြီး အဲဒီပစ္စည်းတွေ သိမ်းပြီး နောက်တစ်နေ့မှာ လူစုခွဲပြီး ရန်ကုန်မှာ မနေတော့ဘဲ လွတ်မြောက်နယ်မြေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) တွေနဲ့ချိတ်ဖို့ တိုင်ပင်ဖို့အတွက် လူစုခဲ့တယ်။
အဖမ်းခံရပြီ
လူစုခွဲဖို့ တစ်ညလုံးအစည်းအဝေးလုပ်ပြီး အိပ်မောကျချိန် မနက် ၂ နာရီမှာ ကျွန်မတို့လူစုနေတဲ့အိမ်ကို အထူးကွန်မန်ဒို အယောက် ၅၀ ကျော်နဲ့ လာဝိုင်းပြီး အိမ်တံခါးတွေဖျက်၊ မှန်တံခါးတွေခွဲ ဝင်လာပြီး ကျွန်မတို့ UG တွေရဲ့ နားထင်ကို သေနတ်နဲ့တေ့ပြီး ဖမ်းခေါ်တယ်။ ဖမ်းတဲ့အချိန်မှာ မလှုပ်နဲ့ ဦးနှောက်ထွက်သွားမယ်။ နင်က ဘာလဲ ဖာသည်လား၊ နင်တစ်ယောက်ထဲ မိန်းကလေးနဲ့ ဒီအုပ်စုနဲ့ ဘာလုပ်နေကြတာလဲ။ ဖာသည်တွေ စောက်လုပ်ရှုပ်တယ် အကုန်ဖမ်းဆိုပြီး ပါးနားရိုက် တစ်ကိုယ်လုံးကို စောင့်ကန်ပြီး သူတို့လာတဲ့ အလုံပိတ်ကားနဲ့ ခေါင်းကိုအိတ်အမဲစွပ် ပြီး ဖမ်းခေါ်သွားတာ။
ငရဲခန်းထဲရောက်ပြီ
ကျွန်မအထင်တော့ ကျွန်မကို ရဲ တပ်ရင်းတစ်ခုထဲကို ဖမ်းခေါ်သွားတယ်လို့ထင်တယ်။ မနက်ဆိုရင် သူတို့ရဲကျင့်ဝတ်တွေ သံပြိုင်ရွတ်ရွတ်နေတာကို ကြားကြားနေရတယ်။ ကျွန်မကို အလုံပိတ်တိုက်ခန်းတစ်ခုထဲမှာ ဖမ်းထည့်ထားပြီး အစာလည်း ၃ ရက် မကျွေးဘူး။ ရေတော့ပေးတိုက်တယ်။ သေးပေါက်ချင်ရင် အဲဒီအခန်းထဲ ပေါက်ထည့် ဆိုလို့ အဲဒီအခန်းထောင့်မှာပဲ အပေါ့သွားရတယ်။ ကျွန်မတို့ တစ်ခုကံကောင်းသွားတာက လက်နက်တွေကို အစ ဖျောက်နိုင်ခဲ့တာပဲ။ ကျွန်မကို တစ်နေ့ကို ၈ ကြိမ်လောက် လာစစ်တယ်။ အဖွဲ့တွေက မတူဘူး။ ပြီးတော့ ၂ ရက်တစ်ခါလောက် လူပြောင်းသေးတယ်။
တချို့က ထိကပါးရိကပါးပြောတယ်။ ပြီးတော့ ရင် သားနဲ့တင်ပါးတွေကို ကိုင်တွယ်တယ်။ နင်တို့က ဖာသာသာတွေလို့ ပါးစပ်ကပြောတယ်။ ကျွန်မအထင် စစ်ကြောရေးထဲ ၁၀ ရက်လောက်အထဲမှာ နေခဲ့ရတယ်ထင်တယ်။ ရက်တွေကို မမှတ်မိဘူး။ မျက်နှာလည်း ထိုးကြိတ်ခံရလို့ ရောင်ကိုင်းနေတာပဲ။ ကျွန်မကို ဘာမေးခွန်းမေးမေး ကျွန်မ မသိဘူး။ အဲဒီအိမ်မှာ အလှူရှိလို့ ဝိုင်းလုပ်ဖို့ရောက်နေတာလို့ပဲ ကျွန်မဖြေခဲ့တယ်။ စစ်ကြောရေးမှာ မေးမြန်းသူတွေဟာ အရက်သောက်စားမူးရူးနေကြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်အဓမ္မကျင့်တယ်ဆိုတဲ့ သတင်းစကားတွေဟာ ကျွန်မကိုယ်တွေ့မို့ အမှန်ပါပဲ။ အဲဒီနေ့က အရမ်းမူးနေတဲ့ စစ်သားတစ်ယောက် ကျွန်မအခန်းထဲ ဝင်လာပြီး ကျွန်မအပေါ်ပိုင်းကဝတ်ထားတဲ့ ရှပ်အင်္ကျီကို ဆွဲဖြဲပစ်တယ်။ ပြီးတော့ အခန်းထောင့်တစ်ခုကို ခြေထောက်ကနေကိုင် ဆွဲခေါ်သွား တယ်။ ထမီတွေလည်းမရှိတော့ဘူး။ ကျွန်မလည်း ရှက်လွန်း ကြောက်လွန်းလို့ အသံကိုပြာနေအောင် အော်တော့ ဗိုလ်ကြီးဆိုတဲ့လူက ဝင်လာပြီး ကျွန်မကို အဓမ္မကျင့်ဖို့လုပ်နေတဲ့ တပ်သားကို ပါးနားရိုက်ပြီး ခေါ်သွားတယ်။ ကျွန်မမှာ အင်္ကျီတွေပြဲ လုံချည်တွေပြဲနဲ့မို့ စစ်ကြောရေးကခေါ်ထုတ်တော့ တခြားအကျဉ်းသူတစ်ယောက်ဆီက အင်္ကျီနဲ့လုံချည်တောင်းပြီး ဝတ်ပေးတယ်။
နရသိန်ကိုရောက်ပြီ
စစ်ကြောရေးကာလတစ်ခုလုံး မိသားစုနဲ့တွေ့ခွင့်မရခဲ့ဘူး။ အင်းစိန်ထောင်ရောက်တော့မှ အမေနဲ့ အစ်မ လာတွေ့တယ်။ ကျွန်မကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ ဆိုင်ရာတရားရုံးကနေ ထောင် ၁၅ နှစ်ချတယ်။ အပြင်မှာနေတဲ့ အမေတို့ဆီကလည်း ကျွန်မ စစ်ကြောရေးရောက်နေတဲ့ ကာလနဲ့ အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရချိန်အထိ စစ်ကောင်စီက အမေနဲ့ အစ်မဆီကနေ ငွေသိန်းရာနဲ့ချီတောင်းခဲ့တယ်။ ထမင်းထုပ်ပို့လည်း ပိုက်ဆံပေးရတယ်။ အမှုစစ်ဖို့ စာရွက်လှန်တာကအစ ပိုက်ဆံတောင်းခဲ့တယ်။ ပြီးတော့ ကျွန်မကို ထောင်တစ်နှစ်ထက် ပိုမကျအောင်လုပ်ပေးမယ်ဆိုပြီး အမေ့ဆီက သိန်း ၁၀၀ ပုံတောင်းခဲ့တယ်လို့ ထောင်ဝင်စာလာတွေ့တော့ အမေက ပြောပြတယ်။
အာဏာရှင်ရှိနေသရွေ့ ကျွန်မတို့က တော်လှန်သူပဲ
လွတ်ငြိမ်းနဲ့ နရသိန်က ထွက်တော့ ကျွန်မဆုံးဖြတ်ချက်ခိုင်ခိုင် ချနိုင်ခဲ့တယ်။ ကျွန်မလွတ်လာတာ ဒီအကျဉ်းခန်းလေးထဲကပဲ လွတ်တာ။ အာဏာရှင်လက်အောက်က လွတ်တာ မဟုတ်ဘူး။ အာဏာရှင်ရှိနေသရွေ့ ကျွန်မ တို့တစ်နိုင်ငံလုံး ထောင်ကျနေတာနဲ့ အတူတူပဲ။ အခု ဆိုရင် ကျွန်မနိုင်တာကို ကျွန်မပြန်လုပ်နေတယ်။ အိမ်မှာတော့ နေခွင့်မရှိတော့ဘူးပေါ့။ ကျွန်မ ဘုန်းကြီး ကျောင်းမှာ ကပ်နေတယ်။ ဝေယျာဝစ္စလုပ်ပြီး ကျန်တဲ့ အချိန်ကို တော်လှန်ရေးအတွက်ပဲ စိတ်နှစ်ထားတယ်။ အားမလျော့ဘူး။ ကျွန်မတို့ လူငယ်တွေဟာ တိုင်း ပြည်ရဲ့ အနာဂတ်ဖြစ်သလို အရွေ့တစ်ခုရဲ့ ဘီးတွေပဲ။ ကျွန်မတို့ကိုယ်တိုင် ပါဝင်မှရမယ်။
မှတ်ချက်-ဓာတ်ပုံမှာ UG ရဲမေ Teddy ၏ လုံခြုံရေး အခြေအနေကြောင့် ဖော်ပြနိုင်ခြင်းမရှိဘဲ ပုံစံတူအဖြစ်သာ ဖော်ပြခြင်းဖြစ်ပါသည်။
#စစ်ဆေးဖမ်းဆီးမှု #အသက်နဲ့ကိုယ်စတေးရင်းနှီး #တော်လှန်နေသူ #UGအမျိုးသမီး #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)