ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့ နယ်နှင့် ကျောက်ဖြူမြို့နယ်တို့ကို စစ်ကော်မရှင်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ၁၀ ဦးကျော်သေဆုံးပြီး ထိ ခိုက်ဒဏ်ရာရသူများပြားကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာစာသင်ကျောင်းအနီးကို ဗုံး လေးလုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်နှစ်ဦး အပါအဝင် ၄ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။
“ပုဏ္ဏားကျွန်း ပန်းနီလာရွာအပြင် မြို့ပေါ်ကိုလည်း ဂျက်ဖိုက်တာနှင့် ဗုံးကြဲသွားတယ်။ စစ်တွေဘက်က လက်နက်ကြီးနဲ့ ပစ်တာတွေလည်း ဆက်တိုက်လုပ်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က Y 12 လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၄ လုံးကို ပန်းနီလာရွာထိပ် စာသင်ကျောင်းရှေ့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်ကလည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးဆက်တိုက် ကြဲချခဲ့သည့် အတွက် အမျိုးသမီးများအပါအဝင် ငါး ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့တစ်ရက်တည်းတွင်ပင် စစ်ကော်မရှင်သည် ရသေ့တောင်မြို့နယ်ကို ဒရုန်းများဖြင့် ဒရော့ဗုံး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- APM
ပုံစာ- ဗုံးကြဲခံရသည့် ကျောက်ဖြူမြိူ့နယ်