ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၅ ရက်)

ရန်ကုန်မြို့က လူစည်ကားရာ လမ်းဆုံလမ်းခွ၊ ဈေး၊ ဘတ်စ်ကားဂိတ်၊ သင်္ဘောဆိပ်နဲ့ ရထားဘူတာတွေမှာ ဆေးခန်းကြော်ငြာ လက်ကမ်းစာအုပ်လေးတွေ ဝေနေတာကို ကြုံခဲ့ဖူးသူ ယူခဲ့ဖူးသူတွေ ရှိကြမှာပါ။

အရှက်အကြောက်ကြီးတဲ့ ကျွန်တော်တို့ မြန်မာတွေအတွက် ပုန်းလျှိုး ကွယ်လျှိုး ပြောဆို ရတဲ့ ရောဂါတွေဖြစ်တဲ့ ပန်းသေပန်းညိုးရောဂါ၊ မိန်းမကိုယ်ကျယ်ခြင်း၊ သားအိမ်ကျွံကျခြင်း၊ အဖြူဆင်းခြင်း၊ လိင်အင်္ဂါအရေပြားလှီးဖြတ်ခြင်း၊ ရင်သာအလုံးအကျိတ် တည်ခြင်း၊ အဆီကျိတ်တည်ခြင်း၊ လိပ်ခေါင်းရောဂါအပါအဝင် ကင်ဆာရောဂါများ၊ သွေးချို၊ ဆီးချို နှင့် သွေးတိုးရောဂါအကြောင်းရာများကိုပါမကျန် အမြစ်ပြတ်ကုသ ပျောက်တဲ့ ပုံစံမျိုးနဲ့ ကြော်ငြာထားကြပါတယ်။

အဲ့ဒီလို ဆေးခန်းကြောငြာတွေဟာ ကျန်းမာရေး အသိပညာနည်းပါးကြတဲ့ တောရွာအရပ်ကလာကြတဲ့ ရိုးရိုးသားသား ပြည်သူတွေကို ပစ်မှတ်ထားပြီး ဆွဲဆောင်ပါတယ်။

ဆေးခန်းနာမည်တွေကလည်း “ဖူဂျီ” “ဟောင်ကောင်” “ဂရိတ်ဝေါ” “တိုကျို” “ရှန်ဟိုင်း” တို့မှအစပြုပြီး နောက်ပိုင်းမှာမြန်မာဆန်ဆန် နာမည်တွေ ဖြစ်တဲ့ “မြတ်” “ကောင်း” “ကျန်းမာ” “တိုးတက်” “စေတနာ” စတဲ့ နာမည်တွေပါသုံးပြီး ဈေးကွက်ရှာဖွေ လုပ်ငန်းချဲ့ထွင်လာကြပါတယ်။

ဆေးခန်းသွားပြပါက မြန်မာ့ဘာသာစကားတစ်လုံးမျှမတတ်သော တရုတ်ဆရာဝန်က ဘာသာပြန်အကူနဲ့မေးမြန်းပါတယ်။ လူနာကိုကြောက်ရွံ့အောင်ခြောက်လန့်ပါတယ်။ ပြီးရင်တော့ မလိုအပ်ဘဲ အန္တရာယ်ရှိပြီး ဘေးထွက်ဆိုးကျိုးများတဲ့ ခွဲစိတ်ဖြတ် တောက်ခြင်း၊ အနာဆေးထိုး‌ခြင်း၊ အက်စစ်နှင့်တို့ခြင်း၊ ဆေးပူလိမ်းခြင်းတွေ အပါအဝင် မှန်ကန်တဲ့ ကုသမှုမဟုတ်တဲ့ အလိမ်အညာကုသမှုတွေပေးပြီး ငွေအမြောက်အမြား လိမ်ညာယူပါတယ်။

မှန်မှန်ကန်ကန် ကုသပေးတဲ့ ဆေးရုံဆေးခန်းတွေဆိုတာ လူနာမှတ်တမ်းစာအုပ်မှာ ရောဂါရာဇဝင်အခြေအနေ၊ သွေးစစ်ဆီးစစ်မှတ်တမ်း၊ ရောဂါရှာဖွေရေးမှတ်တမ်း၊ ခွဲစိတ်မှုမှတ်တမ်း၊ ဆက်သောက်ရမည့်ဆေးတွေနဲ့ ဆရာဝန်ကို ပြန်တွေ့ရမယ့်ရက်ချိန်း တို့ကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ပေးထားမှာဖြစ်ပါတယ်။

ဆေးခန်းအတု‌ ဆရာဝန်အလိမ်တွေကတော့ ကုသခဲ့တဲ့ ရောဂါရာဇဝင် ခွဲစိတ်ခြင်း မှတ်တမ်းအပါအဝင် ကုထုံးကို ဆေးခန်းစာအုပ်ဖြင့် ပြန်မပေးတတ်ပါ။ ပြန်ပေး သော်လည်း စုံလင်စွာ ရေးထားခြင်းမရှိပါ။ ဤနည်းလမ်းဖြင့် လူနာတွေကို အမြတ်ထုတ် ဒုက္ခပေးလျက် ရှိနေပါတယ်။

🟥ဒုက္ခရောက်ရသူ လူနာများ

အမျိုးသားလိင်အင်္ဂါကို ဆေးထိုးလိုက်ခြင်းကြောင့် ပုံပျက်ပြီး ဆီးမသွားနိုင်တော့တာ၊ လိင်မှုကိစ္စမစွမ်းဆောင်နိုင်တော့ဘဲ ဒုက္ခကြုံနေရတဲ့ ပန်းသေပန်းညိုးရောဂါသည်တွေ ရှိနေပါတယ်။

သားအိမ်ကျွံကျခြင်း အတွက်လည်း မှန်ကန်သောကုသမှုမပေးနိုင်ပါဘဲ မိန်းမကိုယ်တွင်း ဆေးရည်၊ ဆေးပြားများထည့်ခြင်းကြောင့် ပိုးဝင်ပြီး အနံ့ဆိုးအဖြူဆင်းကာ နစ်နာရသူ အမျိုးသမီးများလည်းရှိနေပါတယ်။

မိန်းမကိုယ်ကျဥ်းသွားဖို့ မွေးလမ်းကြောင်းကို ပိတ်ချုပ်လိုက်ပြီး ဒုက္ခရောက်လာရသူ တွေမှာလည်း ဆေးရုံတင် ကုသ‌ရတဲ့အထိ ခံစားခဲ့ရပါတယ်။

ပိုးသန့်စင်နိုင်သော အခြေအနေမရှိပါဘဲ လိင်အင်္ဂါအရေပြားလှီးဖြတ်ခြင်း၊ လိင်တံ အတွင်းဂေါ်လီအလုံး၊ ဆီလီကွန်အလုံးများထည့်ခြင်းတွေ လုပ်ကြပါတယ်။ ရက်ပိုင်း အတွင်းမှာပင် ပိုးဝင်ခြင်းကြောင့် လိင်အင်္ဂါရောင်ကိုင်းပြီး မွေးရာပါ ဖွားဖက်တော် ငယ်ပါလေးခမျာ ဒုက္ခများရပါတော့တယ်။

ပြည်တည်သွားပြီး ဆိုပါက ခက်ခက်ခဲခဲ ခွဲစိတ်ကုသရတော့မှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေနဲ့ တစ်သက်လုံး ရှင်သန်သွားရသူ လူနာတွေမှာ အလွန်ပဲ နစ်နာလှပါတယ်။

ဒေါက်တာရမ်းကုတွေဟာ ရင်သား အလုံးအကျိတ်တည်ခြင်းအတွက် လိုအပ်တဲ့ ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram)၊ အာထရာစောင်း (Ultra Sound) ရိုက်ခြင်းတွေကို မပြုလုပ်ဘဲ အကျိတ်အတွင်းဆေးထိုးတာ၊ အကျိတ်ကို လှီးထုတ်တာတွေနဲ့ လက်တည့် စမ်းတတ် ပါတယ်။

အသားစအဖြေပို့ပြီး ကင်ဆာရောဂါဟုတ်/မဟုတ် စစ်ဆေးခြင်းလည်း မပြုလုပ် တာကြောင့် လူနာမှာ မှန်ကန်တဲ့ကုသမှုမရဘဲ နစ်နာရပါတယ်။

လိင်အင်္ဂါကြွက်နို့၊ လိပ်ခေါင်းကဲ့သို့ ရှက်ရှက်မှာဖြစ်တဲ့ ရောဂါတွေကိုလည်း ဆေးဘက် ဆိုင်ရာ အသိပညာမရှိဘဲ အက်ဆစ်ဖြင့်တို့ခြင်း၊ လှီးဖြတ်ထုတ်ခြင်း၊ ဆေးဖြန်း ခြင်းစတာတွေ လုပ်ပစ်ကြတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ အနာစိုစိုရွဲရွှဲ ဖြစ်ပြီး ဆေးရုံတင်ကုသမှုတွေပါလုပ်ရပါတော့တယ်။

အဆီကျိတ်တည်ခြင်း အပါအဝင် အကျိတ်ရောဂါတွေကို သွားရောက်ကုသတဲ့ အခါမှာ လည်း မကျွမ်းကျင်ဘဲ ဖြတ်တောက် ခြင်းတွေပြုလုပ်တာကြောင့် သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း၊ အနာမကျက်ခြင်း၊ အနာကွဲထွက်ခြင်း နဲ့ ချုပ်ရိုးပွင့်ထွက်ခြင်းတွေကို တွေကြုံကြရပါတယ်။

ဒါ့အပြင် မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးချို၊ ဆီးချိုနဲ့ သွေးတိုးရောဂါကဲ့သို့ ရောဂါတွေကို အမြစ်ပြတ်ပျောက်အောင် ကုသနိုင်တယ်လို့ လိမ်ညာကာ အမည်ဖော်ပြ ထားခြင်းမရှိတဲ့ တိုင်းရင်းဆေး နဲ့ အခြားဆေးဝါးတွေကို ရောစပ် ရောင်းချတတ်ပါတယ်။

🟥ဆေးကောင်စီနှင့်ဥပဒေ

တကယ်တော့ ဒီလိုအဖြစ်အပျက်တွေ ကြုံနေတာဟာ ဆယ်စုနှစ်တစ်ခု မကတော့ပါဘူး။ တရားဥပဒေနဲ့မညီတဲ့ ဆေးခန်းအတုတွေကို တိုင်မယ့်သူမရှိသလို ရဲအရေးမပိုင်ဟု ဆိုကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆေးကောင်စီတို့က မျက်ကွယ်ပြုလာခဲ့တာ အချိန် အတော်ကြာခဲ့ပါပြီ။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဆေးခန်းအတုကို တိုင်ကြားမည်ဆိုပါက တရားလိုရှိ ရပါမယ်။ အမှုပြီး ပြတ်သည်အထိ တရားရုံးကိုသွားရောက်၍ အမှုရင်ဆိုင်ရပါမယ်ဟု ပြောဆိုပြီး တာဝန်မဲ့စွာ လက်ရှောင် နေခဲ့ပါတယ်။

အဆိပ်ပင်ကို မဖယ်ရှားတာကြောင့် ရန်ကုန်လိုမြို့ပြကြီးမှာ ပေါ်ပေါ်ထင်ထင် ဆေးခန်း အတုများ ဖွင့်လျက်လိမ်လည်နေကြပါတယ်။ လမ်းမတော်၊ ဗိုလ်တထောင်၊ ပန်းပဲတန်း၊ လသာ၊ ကျောက်တံတား နဲ့ ပုစွန်တောင်တို့လို မြို့လယ်ကောင်က မြို့နယ်တွေမှာ ဆေးခန်းအလိမ်တွေရှိနေတာကို ကြည့်ခြင်းအားဖြင့် အလုပ်မလုပ်တဲ့ ရဲဌာနနှင့် တာဝန် မခံသော ဆေးကောင်စီရဲ့ အဖြစ်က ကွက်ကွက်ကွင်းကွင်းကို မြင်သာနေပါပြီ။

MMC (Myanmar medical council) ဆေးကောင်ဆီကတော့ စီဒီအမ်ဆရာဝန် သူနာပြု ဖိနှိပ်ရေးမှာ တာဝန်ကျေပြွန်ပါတယ်။ ဆေးကုသလိုင်စင် သက်တမ်းမတိုးပေးဘဲ စစ်ကောင်စီအလိုကျ ကျန်းမာရေးမိသားစုတွေအပေါ်ကိုဖိနှိပ်ခဲ့ပါတယ်။ ပြည်သူ့ ကျန်းမာရေး အတွက်ဆူး‌ညှောင့်ခလုတ်တစ်ခုအနေနဲ့ရှိနေတဲ့ ဆရာဝန်အတု ဆေးခန်း အလိမ်တွေကိုတော့ မသိချင်ယောင်ဆောင် ‌တာဝန်ယူမဖြေရှင်းဘဲ နေပါတယ်။

စစ်တပ်အာဏာသိမ်းအပြီးမှာတော့ CDM ဆရာဝန်၊ ဆရာမ‌တွေရှိတဲ့ ဆေးရုံဆေးခန်း တွေကို ဒုက္ခ‌ပေးနိုင်လောက်အောင် စွမ်းဆောင်နိုင်တဲ့ ရဲတပ်ဖွဲ့ နဲ့ မြန်မာ့ဆေးကောင်စီဟာ ယခုအချိန်အထိ ဆေးခန်းအတုတွေကို မဖမ်းဆီးဘဲထားတာဟာ ပြည်သူတွေအပေါ်ကို မေတ္တာစေတနာမဲ့ပြီး ဒုက္ခရောက်စေချင်တဲ့ စေတနာဆိုးမှန်း မြင်တွေ့ ခံစားနိုင်ကြမှာပါ။

ရန်သူကသေစေချင်တဲ့အခါ ရှင်သန်အောင်နေရပါတယ်။ ပြည်သူပြည်သားတွေ အနေ နဲ့လည်း ပြည်သူတွေအပေါ်ကို အမှန်တကယ်စေတနာရှိတဲ့ နှလုံးသားလှ ဆရာဝန်များ အခမဲ့ကုသဆွေးနွေးပေးရာ “တယ်လီကျန်းမာ Telekyanmar” ကဲ့သို့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေမှာ ကုသမှုခံယူကြပါ။ ဆေးခန်းအတုတွေကို ရှောင်နိုင်ကြပါစေ။ နစ်နာခြင်းမှကင်းကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ “အငန်အရသာနှင့်ကျန်းမာရေး” ဆောင်းပါးကို တင်ဆက် သွားမှာ ဖြစ်တာကြောင့်စောင့်မျှော် ဖတ်ရှုကြဖို့ အသိပေးလိုက်ရပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အတုအယောင်ဆရာဝန်များ #အလိမ်အညာဆေးခန်းများ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)