
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နာမည်ကျော် ဂီဒုန်စခန်းခေါ် ပွိုင့် ၁၁၀၃ စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူရရှိခဲ့ကြောင်း သိရသည်။
ဝိုင်းမော်ရှိ စစ်ကောင်စီသိမ်းပိုက်ထားသည့် ဂီဒုန်တောင်စခန်းကို ယနေ့ မေ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀မိနစ်ခန့်တွင် KIAက ပြန်လည်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေ ၄ရက် ညနေပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဂီဒုန်တောင်စခန်းကို ယနေ့ မေ ၆ရက်နေ့တွင် KIA က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
KIA ၏ ဂီဒုန်တောင်စခန်းကို စစ်ကောင်စီတပ်က ၂၀၁၆ခုနှစ် ဩဂုတ်လအတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စခန်းကို စွန့်လွှတ်ပေးခဲ့ရပြီး ယနေ့ မေ ၆ ရက်တွင် စစ်ကောင်စီလက်မှ ပြန်လည် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
“အင်အားရာချီသုံးပြီး စစ်ကောင်စီတပ် အလောင်းပေါ်အလောင်းဆင့်ပြီး သိမ်းခဲ့ရတဲ့ မဒါဘွမ်လို့ ခေါ်တဲ့ ဂီဒုန် ကို ၂ရက်တည်းနဲ့ သိမ်းနိုင်ခဲ့ပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဂီဒုန်စခန်းသည် စစ်ရေးအရ အရေးပါသည့် နေရာတွင်တည်ရှိနေပြီး စစ်ကောင်စီက ၈ နှစ်အကြာ သိမ်းထားပြီးနောက်တွင် KIA က ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက စခန်းမကျစေရေးအတွက် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနှင့် အင်အားဖြည့် တင်းခြင်းများပြုလုပ်ခဲ့သော်လည်း အကျအဆုံးများပြားသည့်အပြင် စခန်းစွန့်ခွာထွက်ပြေးကြသည့် အတွက် ဂီဒုန်ကို လက်လွှတ်ခဲ့ရကြောင်းသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ယမန်နေ့ မေ ၅ရက်နေ့က ၁ ရက်တည်းတွင်ပင် ဆွမ်ပရာဘွမ်စခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂဘွမ်၊ ဂမ်ဂယာ၊ အင်ခရမ်၊ ငါဘဂယာန်၊ လိုင်ဖောင်၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုးစခန်းများအပါအဝင် စခန်း ၁၂ခုကို သိမ်းယူနိုင်ခဲ့သည်။
ပုံစာ- ဂီဒုန်စခန်းခေါ်ပွိုင့် ၁၁၀၃ စခန်းကြီး
#ဝိုင်းမော် #စစ်ကောင်စီ #ဂီဒုန်စခန်း #ပွိုင့်၁၁၀၃ #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times