ဧရာဝတီတိုင်းမ်
မေ ၆ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ဖွဲ့များ သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထပ်မံ ထွက်ပြေးသွားကြကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် မောင်တောရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ လက်နက်များကို သယ်ယူ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး လာကြကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့ မေ ၅ရက်နေ့တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈၈ ယောက်နှင့် မေ ၄ ရက်နေ့က ၄၄ယောက် စုစုပေါင်း ၁၃၂ ယောက်တို့သည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံက နယ်ခြားစောင့် BGP တွေက သူတို့နိုင်ငံတွင်းက ပဋိပက္ခတွေကြောင့် ဒီနိုင်ငံအတွင်းခိုဝင်လာကြတာပါ။ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ ခိုလှုံလာတာဖြစ်လို့ လက်နက်တွေကိုတော့ဖြုတ်သိမ်းထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ညွှန်ကြားရေးမှူးချုပ် Mainul Kabir က ဘင်္ဂလားဒေ့ရှ်မီဒီယာ The Business Standard ကို အတည်ပြုပြောကြားထားသည်။

ထိုသို့ ထွက်ပြေးသွားသော စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် အမှတ်(၁) နယ်ခြားစောင့် စခန်း ကျီးကန်းပြင်နှင့် အမှတ် (၁၀) နယ်ခြားစောင့်စခန်း လှဖိုးခေါင်တို့မှ ထွက်ပြေး သွားသည့် တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၈၈ယောက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းတို့၏ အကျဉ်းသားများနှင့် လဲလှယ်၍ စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခဲ့သည်။

ယင်းသို့ ပို့ဆောင်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ကို ကော့ဘဇားကမ်းခြေမှနေ၍ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ပေးခဲ့သေးသည်။

AA စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်အရ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျောက်ပုန်းခိုနေသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ရှိနေ သေးပြီး နတ်မြစ်ကိုဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပုံစာ- ဧပြီ ၂၅ရက်နေ့က ပြန်ပို့ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
#မောင်တော #စစ်ကောင်စီတပ်ဖွဲဝင်များ #နယ်ခြားစောင့်စခန်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #ဘင်္ဂလားဒေ့ရှ် #စခန်းစွန့်ထွက်ပြေး #Ayeyarwaddy_Times