
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
အနောက်တောင်မုတ်သုံလေသည် မေလတတိယပတ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်ပြီး အပူချိန်စံချိန်တင်မြင့်တက်သွားသော မြို့ကြီးများတွင်နေ့အပူချိန် ပြန်လည် လျော့ကျလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ထံက သိရသည်။
ယခုနှစ်မုတ်သုံလေဦး ဝင်ရောက်နေရာယူလာနိုင်မှုမှာ ယခင်နှစ်များနှင့်မတူဘဲ ကွဲပြား သောလက္ခဏာများ ပြသလျက်ရှိပြီး ပုံမှန်မဟုတ်သော မုတ်သုံလေ/ မုတ်သုံမိုး/ မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် စောင့်ကြည့် အသိပေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသာချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက (MoHADM) က အသိပေး ထားသည်။
စံချိန်တင် အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သော အပူပိုင်းဒေသ ချောက်မြို့ တွင် မေ ၅ ရက်နေ့က ၄၁ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၃၇ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်တွင် ၃၈ ဒီဂရီစင်တီဂရိတ်ရှိလာကာ အပူချိန်အနည်းငယ်ပြန်လျော့လာပြီး ရန်ကုန်အပါအဝင် ကျန်မြို့များတွင် နေ့အပူချိန်မြင့် တက်နေဆဲဖြစ်ကြောင်းသိရသည်။
ယခုနှစ်တွင် မုတ်ပုံဝင်ရောက်မှုနောက်ကျကာ အနောက်တောင်မုတ်သုံလေသည် မေလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့လည်းကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ရောက်ရှိမည်ဖြစ်ကြောင်း မိုး/ဇလကထုတ်ပြန် ထားသည်။
အနောက်တောင်မုတ်သုံလေသည် ယမန်နှစ် ၂၀၂၃ ခုနှစ်တွင် မေလ ၁၃ ရက်မှ ၁၈ ရက်အတွင်းစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မိုးတိမ်တောင်များဖြစ်ထွန်းနေမှုကြောင့် မိုးတိမ်တောင်ရွှေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်တို့ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ယင်းပြင်မုတ်သုံဝင်ရောက်ချိန်တွင် မိုးရွာသွန်းမှုနည်းပြီး နေ့အပူအချိန်များ ဆက်လက် မြင့်တက်နေမည်ဖြစ် ကြောင်းသိရသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်၊ ရခိုင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မေလအတွင်း ပျှမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အထိပိုနိုင်ကြောင်း သိရသည်။
မေလအတွင်း ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးရွာသွန်းမြဲထက် ထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက်လျော့နည်းနိုင် ကြောင်းသိရသည်။
ယခုနှစ်တွင် အပူချိန်မြင့်တက်မှုကြောင့် ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများ သေဆုံးသည်မှာ ရာဂဏန်းအထိဖြစ် ပေါ်ခဲ့ကြောင်း ဒေသတွင်း သတင်းအချက်များနှင့် လူမှုကူညီရေး အဖွဲ့များထံက စုံစမ်း သိရသည်။
ယခုတစ်ပတ်အတွင်းထူးခြားချက်မှာ လာမည့်ရက်သတ္တပတ် ရာသီအကူးအပြောင်း ကာလတွင် မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများ၌ မွန်းလွဲ/ညနေပိုင်းများတွင် မိုးတိမ်တောင်ငယ်များ စတင်ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ခြေရှိ၍ သတိပြုရန်လိုအပ်ကြောင်း MoHADM က အသိပေးထားသည်။
ဓာတ်ပုံ -ဧရာ၀တီတိုင်းမ်
ပုံစာ- ယမန်နေ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် မိုးအုံ့နေသည့် မြင်ကွင်းကို တွေ့ရစဉ်
#မုတ်သုံ #မေလတတိယပတ် #မြို့ကြီးများ #အပူချိန်လျော့လာ #မိုးရွာသွန်းမှုနည်း #Ayeyarwaddy_Times