ဧရာဝတီတိုင်းမ်
(ကံမ)၊ မေ ၆ ရက်

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား နှစ်ဦးအပါဝင် ချင်းလူမျိုး သုံးဦး ဖမ်းဆီးခံရကြောင်းဒေသခံများထံက သိရသည်။

ကံမမြို့နယ်၊ ညောင်ကိုင်ကျေးရွာတွင် ယမန်နေ့ မေလ ၅ ရက်၊ ညနေ ၁၀ နာရီဝန်းကျင်တွင် ကံမ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ် ကျောင်းသားနှစ်ဦးအပါဝင် ဒေသခံသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကို ထောက်ပံ့နေသည်ဟုဆိုကာ ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“မနေ့ညနေက ကံမ မြို့မရဲစခန်းက ရဲတွေက နေအိမ်ထဲမှာ ဝင်ဖမ်းဆီးသွားတာပါ။ သူတိုရဲ့ နာမည်အတိကျနဲ့ ခရိုင်ရဲစခန်းကနေတဆင့် ဝင်ဖမ်းဆီးခိုင်းတဲ့ သဘောပါ။ သူတို့ကို PDF ထောက်ပံ့တယ်ဆိုပြီး ကံမမြို့မ ရဲစခန်းက ဖမ်းဆီးသွားတာ။ လောလောဆယ်တော့ အခြေအနေ ဘယ်လိုလဲမသိရသေးဘူး။ စောင့်ကြည့်ရအုံးမယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဖမ်းခံထားရသည့် ကျောင်းသားနှစ်ဦးသည် အသက် ၂၀ နှစ်ဝန်းကျင် ရှိပြီး နောက်တစ်ဦးမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသား တစ်ဦးဟု သိရသည်။ ၎င်းတို့ကို ယနေ့ မေလ ၆ ရက်နေ့ မနက်အစောပိုင်းက ကံမမြို့မရဲစခန်းမှ သရက် ခရိုင် ရဲစခန်းသို့ ရဲကားဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ချင်းလူမျိုး သုံးဦး ဖမ်းဆီးခံရသည့် အခြေနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန်အတွက် အရှိုချင်းဖက်ဒရယ်ကောင်စီထံ ဧရာဝတီတိုင်းမ်က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

မကွေးတိုင်း အခြေပြု စစ်ရေးလှုပ်ရှားသည့် ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူက ဖမ်းဆီးခံရသည့် ချင်းအမျိုးသား သုံးဦးသည် ၄င်းတို့တပ်ဖွဲ့ထံ ကူညီထောက်ပံ့ပေးအပ်ခြင်း မရှိကြောင်း ပြောဆိုသည်။

“အဲ့ဒီ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား သုံးယောက်နဲ့ပတ်သက်ပြီး ကျွန်တော် သတင်းလည်း မသိရသေးပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့ထံ အလှူငွေထည့်တာ၊ ကူညီထောက်ပံပေးတာလည်း မရှိဘူး။ စစ်ကောင်စီက ဒါကို ဖမ်းချင်လို့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တဲ့ သဘောပါ”ဟု ချင်းကာကွယ်ရေးတပ်-အရှို တာဝန်ခံ ဆလိုင်းရိုးချင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ယမန်နေ့ မေလ ၅ ရက်နေ့ ညတွင် ကံမမြို့နယ်၊ သစ်မယ်ဇီကျေးရွာ ဘုန်းကြီးကျောင်းတွင် ပန်ရံအလုပ်လုပ်ကိုင်နေသည့် အရပ်သား အမျိုးသမီး သုံးဦးအပါဝင် အမျိုးသား ဆယ်ဦးကိုလည်း ကံမမြို့မရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

#ကံမမြို့နယ် #သရက်ခရိုင် #တက္ကသိုလ်ကျောင်းသား
#ချင်းအမျိုးသား #သုံးဦးဖမ်းဆီးခံရ #Ayeyarwaddy_Times