ဧရာ၀တီတိုင်းမ်
မေ ၆ ရက်

ကရင်ပြည်နယ်၊ မြဝတီသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး အသေခံစစ်ကြောင်းကြီးသည် ရည်ရွယ်ရာသို့ မရောက်မီ ဒေါနတောင်အနီးတွင် တော်လှန် ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွား၍ အသေခံ စစ်ကြောင်းကြီးမှ အရာရှိများအပါအ၀င် တပ်သားများသည် လက်နက်ချသူ နှင့် သေဆုံးသူများကာ တပ်ရင်းလိုက်ပျောက်ဆုံးမှုပင် ရှိနေကြောင်း သိရသည်။

အောင်ဇေယျ အသေခံစစ်ကြောင်းကြီးသည် ဧပြီလ ဒုတိယပတ်မှစတင်၍ ကရင်ပြည်နယ်တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့အထိ ရည်ရွယ်ရာသို့ ရောက်ရှိခြင်းမရှိဘဲ ဒေါန တောင်အနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံး၊ ထွက်ပြေးမှုများရှိနေကြောင်း ‌မြေပြင်ရှိစစ် ရေးသတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသည့် နိုင်ငံတော်အဆင့် စစ်ကြောင်းကြီးကို တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း ယင်းစစ်ကြောင်းမှ တပ်သားရာနှင့်ချီသေဆုံးကာ သံချပ်ကာ ကားနှစ်စီး၊ စက်သေနတ်တပ်ဆင်ထားသည့် ယာဉ်တစ်စီး၊ ဖောကားနှစ်စီးတို့ ပျက်စီးကြောင်း ထုတ်ပြန်ထားသည်။

“နာရီပိုင်းသာကြာတဲ့ ခရီးစဉ်တစ်ခုကို သူတို့ချီတက် နေတာ တစ်လနီးပါးရှိနေပြီ။ သေတာတွေကလည်း ဖောချင်းသောချင်းပဲ။ ဒေါနတောင်ကကို မ‌ကျော်နိုင်ဘူး။ ကော့ကရိတ်တံတားမှာတစ်ခါ၊ ဒေါနတောင်ခြေမှာတစ်ခါ စစ်ကောင်စီဘက်က အတော်အထိနာသွားတယ်။ တော်လှန်ရေးအဖွဲ့တွေပူးပေါင်းတိုက်တော့ စစ်ကောင်စီက နာလန်မထူနိုင်ဘူးဖြစ်နေတယ်။ စစ်ကူစောင့်တဲ့ ၂၇၅ လည်း အခုလိုအကူအညီမပါရင် မလွယ်ဘူး” ဟု တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် အမည်မဖော်လိုသည့် ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းစစ်ကြောင်းကို မေလ ၃ ရက်နေ့က တောင်ပိုင်း တိုင်းစစ်ဒေသ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ယင်းနေ့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၁၂ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အဆင့် အသေခံစစ်ကြောင်းကြီးတွင် ပါဝင်လာသည့် အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) လက်အောက်ခံ ခမရ- ၂၃၀ မှ စစ် ကောင်စီတပ်သားအချို့သည် မေ ၄ ရက်နေ့က ကျားဖြူစစ်ကြောင်းထံသို့ လက်နက်များ ဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေ ၃ ရက်နေ့ကလည်း ‌အောင်ဇေယျစစ် ကြောင်းမှ တပ်မ (၅၅) လက်အောက်ခံ ခလရ-၉၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်းဆိုသူလည်း တိုက်ပွဲအတွင်း၌ သေဆုံးခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ ဆုတောင်းစကားများနှင့် အတူ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် နိုင်ငံတော်အဆင့်ဟုဆိုကာ တပ်ရင်း၊ တပ်မ သုံး ခုထက်မနည်း အသုံးပြု၍ ထုတ်နုတ်အင်အားများဖြင့်ပါ ဖြည့်တင်း၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း သိရသည်။

အင်အားအများဖြည့်တင်းထားသည့် ယင်းစစ် ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့် ဖိအားပေးခေါ်ယူကာ ရက်တို သင်တန်းပေးထားသည် တပ်သားသစ်များ လည်းပါဝင်ကြောင်း သိရသည်။

လက်နက်ချအညံ့ခံ၍ စစ်ကောင်စီတပ်ထံပြန်ရောက်သူများ၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး ခဲ့သည့် တပ်သားများနှင့် တိုက်ခိုက်ရေးအတွေ့အကြုံမရှိသည့်သူများဖြင့် အင်အား ဖြည့်တင်းထားသည့် စစ်ကောင်စီတပ်သည် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ယခင် နည်းတူ လက်နက်ယူအလင်းဝင်သူများ၊ သေဆုံးသူများ နှင့် တပ်ရင်းလိုက် ပျောက်ဆုံး မှုများရှိကြောင်း သိရသည်။

“ဒုချုပ်ကိုယ်တိုင်ဦးစီးပြီးတော့ ကွပ်ကဲနေတဲ့ နိုင်ငံ တော်အဆင့် စစ်ကြောင်းဖြစ်လို့ အထိနာနေပေမယ့်လည်း နောက်မဆုတ်ရဲဘဲ ရှိတဲ့အင်အားနဲ့ ရှေ့တိုးလာနေတာ။ လေကြောင်းပစ်ကူကလည်း တောက် လျှောက်ပေးတာ၊ စစ်ကြောင်းကကျန်တဲ့ ကားတွေ လက်နက်တွေကို စိစစ်သယ်ယူဖို့ အချိန်မရှိအောင် လေကြောင်းက ဆက်တိုက် တက်နေတာ။ အကုန်ဖျက်ဆီးထားခဲ့ရတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်ပြည်နယ် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများ ခဲ့သည့် တပ်မ (၄၄) မှ တပ်မမှူးများ၏ နေရာအဆင့် ဆင့်ပြောင်းလဲခဲ့ပြီးနောက် မကြာမီက ရောက်ရှိနေသည့် တပ်မမှူးအသစ်၏ လက်အောက်ခံတပ်ဖြစ်သည့် ခမရ-၁(သထုံ) တပ်ရင်းမှ စစ်ကြောင်း နှစ်ကြောင်းကို ဦးဆောင်သည့် ဒုတပ်ရင်းမှူးအပါအ၀င် တပ်ရင်းလိုက် ပျောက်ဆုံး နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

အင်အား ၅၀ ကျော်ရှိသည့် အဆိုပါတပ်ရင်းသည် ကရင်ပြည်နယ် တပ်မဟာ (၆) နယ်မြေရှိ သေ့ဘောဘိုးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ရင်း လိုက်ပျောက်ဆုံးနေခြင်းဖြစ်ပြီး ဆက်သွယ်၍ရရှိခြင်းမရှိဘဲ DKBA ထံသို့ ဝင်ရောက် ခိုလှုံသွားခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ဒုတပ်ရင်းမှူးဦးစီးတဲ့ ခမရ-၁ စစ်ကြောင်း အမှတ် (၂) တစ်ဖွဲ့လုံး ပျောက်နေတာ။ တစ်ဖက် အဖွဲ့ဆီကို ဝင်တာ မဟုတ်ရင် DKBA ထဲ ဝင်သွားတာလည်း ဖြစ်နိုင်တယ်။ မေ ၃ ရက်နေ့ကတည်းက အဆက်အသွယ်မရတော့တာ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မ (၄၄) လက်အောက်ခံတပ် ခမရ-၁(သထုံ) တပ်ဖွဲ့သည် သေ့ဘောဘိုးဒေသတွင်း၌ စစ်ကြောင်းထိုးဝင်ရောက်နေသည့် တပ်ဖွဲ့ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ပူးပေါင်းတပ်ဖွဲ့နှင့် ဧပြီ လကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး ယခု မေလ ပထမပတ်တွင် ပျောက်ဆုံး နေခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ -နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဆုံးရှုံးခဲ့သည့် သံချပ်ကာ၊ လက်နက်များနှင့် သေဆုံးတပ်သားများ၏ ယူနီဖောင်းများ
#စစ်ကောင်စီ #နိုင်ငံတော်အဆင့် #အောင်ဇေယျ #စစ်ကြောင်း #တိုက်ခိုက်ခံရ #သေဆုံး #ထွက်ပြေး #တပ်ရင်း #ပျောက်ဆုံး #Ayeyarwaddy_Times