ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ မေ ၆ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ ခလရ-၁၃၄ နှင့် ခလရ-၁၃၅ တပ်ရင်းနှစ်ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန် တိုက်ပွဲများဆင်နွှဲနေပြီး ယနေ့ မေ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စင်း ကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့ပေါ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းများ အားလုံးနီးပါးကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ယနေ့တွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ စစ်တပ်၏ ရိက္ခာနှင့် စစ်ကူပို့ဆောင်သည့် Mi-17 ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်ကို ပွိုင့် ၈ မောင်းပြန် နှစ်လက်ဖြင့်ပစ်ချခဲ့ခြင်းဖြစ်ပြီး ဘောလခဲ မြို့နယ်တစ်နေရာသို့ ပျက်ကျခဲ့ကြောင်း KNPLF-ဗျူဟာ (၁) က ထုတ်ပြန်ထားသည်။

“ကျွတော်တို့ဖားဆောင်းက စစ်ကောင်စီရဲ့ ခလရ-၁၃၄ နဲ့ ၁၃၅ တပ်ရင်းနှစ်ရင်းကို သိမ်းနေတယ်ပေါ့နော်။ မြို့တွင်းမှာရှိတဲ့ အခြေစိုက်စခန်းတွေအကုန်ကို ကျွန်တော်တို့ သိမ်းထားနိုင်ပြီ။ တပ်ရင်း နှစ်ရင်းပဲကျန်တယ်ပေါ့။ တပ်ရင်းနှစ်ရင်းမှာလည်း ကျွန်တော်တို့ တော်တော်ထိန်းထားနိုင်ပြီ။ စစ်ကောင်စီတွေလည်း အထိခိုက်များပြီ။ အခုတပ်ဘေးမှာပဲ ကျွန်တော်တို့ နေရာယူထားသေးတယ်ပေါ့။ ရအောင်လို့တိုက်မယ်လို့ တော့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်” ဟု ဖားဆောင်း PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖားဆောင်းမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးနှင့် ဆက်သွယ်ရေးတပ်သားတို့ကို ပြီးခဲ့သည့် မေ ၄ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့မှ လက်ဖြောင့်တပ်သားတစ်ဦးက ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း KNDF ထံက သိရသည်။

အဆိုပါ မေ ၄ ရက်နေ့တွင်ပင် ခလရ-၁၃၅ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲအတွင်း ဖားဆောင်း PDF မှ ရဲဘော်စောကလဲ့ဒိုထူး(ခ)ဖကေ ကျဆုံးခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံး ပတ်မှ စတင်ကာ ‌ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ‌ နောက်ဆုံးကျန်ရှိသည့် တပ်ရင်းနှစ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ထား၍ စစ်ကောင်စီသည် လေကြောင်းကို အသုံးပြုကာ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နိုင်တော့ကြောင်းသိရသည်။

ဓာတ်ပုံ – KPL Army – 1st Tactical Operations Command
#ကရင်နီ #ဖားဆောင်း #Mi17 #ရဟတ်ယာဉ်ပစ်ချ #ကရင်နီတော်လှန်ရေးတပ်ပေါင်းစု #Ayeyarwaddy_Times