
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
အယ်နီညိုရာသီဥတုကြောင့် စံချိန်တင်အပူချိန်မြင့်တက်နေသော အပူပိုင်းဒေသများတွင် လာမည့် နှစ်ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန(မိုး/ဇလ) ထံက သိရသည်။
မိုးရွာသွန်းမှု အနေဖြင့် စစ်ကိုင်း၊ ကချင်၊ ချင်း၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ တနင်္သာရီ နှင့် ရခိုင်တို့တွင် မိုးရွာသွန်းမှုများရှိနိုင်ပြီး ကျန်ဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလက ယနေ့ မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကယား(ကရင်နီ) နှင့် ကရင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေကြောင်း မိုး/ဇလ ထံက သိရသည်။
မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ ကြို တင်သတိပြုရန် လိုအပ်ကြောင်း အကြံပြုထားသည်။
မိုးတိမ်တောင်ဖြစ်စဉ်သည် ပုံမှန်အားဖြင့် လေထုမတည်ငြိမ်မှု အဖြစ်များသော နွေရာသီ၊ မိုးဦး နှင့် မိုးလွန်ကာလများတွင် ဖြစ်ပွားတတ်သည့်အတွက် လွင်တီးခေါင်နေရာများ၊ ခိုင်ခံ့သည့် အကာ အကွယ်မရှိသည့်နေရာများနှင့် ပင်လယ်ပြင်တွင်း နေထိုင်အလုပ်လုပ်ကိုင်ကြသူများ သတိပြုနေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့တွင် လူနှစ်ဦးသေဆုံးပြီး မန္တလေး၊ မကွေးတိုင်းတို့တွင် နေအိမ်၊အဆောက်အအုံများ ဆယ်နှင့်ချီ၍ ထိခိုက်ပျက်စီးကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အယ်နီညို #အပူချိန်မြင့်တက် #အပူပိုင်းဒေသများ #မိုးထစ်ချုန်းရွာ #Ayeyarwaddy_Times