
ဧရာ၀တီတိုင်းမ်
မေ ၅ ရက်
စစ်တပ်မှ ယူနီဖောင်းချွတ်ကာ အရပ်ဘက်ဌာန ဆိုင်ရာများတွင် ရာထူးကြီးပိုင်း များကိုယူ၍ ၀င်ရောက်လုပ်ကိုင်နေသည့် မိုးကျရွှေကိုယ် အရာရှိများသည် အရန်တပ်ဖွဲ့ ဥပဒေဖြင့် စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
၀န်ကြီးဌာနနှင့် အရပ်ဘက်ဌာနဆိုင်ရာများကို ရာထူးကြီးယူ၍ ပြောင်းရွှေ့သွားသည့် စစ်တပ်မှအရာရှိဟောင်းများကို အရန်တပ်ဖွဲ့အင်အားအဖြစ်ထားရှိပြီး စစ်ရေး လှုပ်ရှားမှုနှင့် တိုက်ခိုက်ရေးတပ်များတွင် ပြန်လည်တာ၀န်ဆောင်ရမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံက သိရသည်။
စစ်တပ်မှ ပြောင်းရွှေ့လာသည့် အရပ်ဘက်အရာရှိ မိုးကျရွှေကိုယ်များကို မူလ တာဝန်ဖြစ်သည့်တပ်ပိုင်းဆိုင်ရာတွင် ပြန်လည်ခိုင်းစေမည်ဖြစ်ပြီး အသက်အပိုင်း အခြားအလိုက် ရှေ့တန်းစစ်မျက်နှာပြင်သို့ပါ စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော့်အစ်ကိုက အရင်ကဆိုရင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ)မှာ တာဝန်ယူရတယ်။ အခုပြန်ခေါ်ခံရတော့ မန္တလေးတိုင်းထဲက တိုက်ပွဲဖြစ်နေတဲ့နေရာကို ပို့လိုက်တယ်။ တိုက်ပွဲအတွေ့အကြုံက ဘာမှမရှိဘူး။ ပင်စင်ယူလိုက်တာကလည်း မပြေးနိုင်မလွှားနိုင်နဲ့ နှလုံးမကောင်းလို့ ပင်စင် ယူလိုက်ရတာ။ အခုရှေ့တန်းပို့လိုက်တော့ ပြန်ခေါ်ဖို့ အိမ်ကလိုက်လုံးပမ်းနေတယ်” ဟု အလယ်ပိုင်းတိုင်းရှိ တပ်မိသားစု၀င် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးကျရွှေကိုယ်အရာရှိများအနေဖြင့် တပ်တာ၀န်များ ကိုရှောင်လွှဲနိုင်ရန်အတွက် မူလက တာဝန်ထမ်းခဲ့သည့် အရာရှိများ၊ အပတ်စဉ်တူ တာဝန်ထမ်းခဲ့သူများထံ စစ်မှုမထမ်းရရေး လာဘ်ထိုးလျက်ရှိကြောင်း သိရသည်။
စစ်အင်အားလိုအပ်လျက်ရှိသည့် စစ်ခေါင်းဆောင် အနေဖြင့် မြေပြင် စစ်အင်အားတိုးချဲ့ရန် လိုအပ်နေသည့်အပြင် နည်းပညာဆိုင်ရာနှင့် အုပ်ချုပ်စုဖွဲ့မှုဆိုင်ရာ အရည်အချင်းရှိသူများကိုပါ လိုအပ်လျက်ရှိကြောင်း သိရသည်။
“အင်ဂျင်နီယာတပ်တွေအပြင် အခုအရေးပေါ်လိုအပ် နေတာက ရှေ့တန်းစခန်းချတဲ့ နေရာမှာအရေးပေါ်ကုသဖို့ ဆေးတပ်သားတွေ၊ စစ်ဆေးဗိုလ်တွေကို ပိုလိုအပ်နေတယ်။ အောက်ခြေတပ်သား လိုအပ်ချက်ကတော့ မပြောတော့ဘူး။ စစ်မှုထမ်းဥပဒေနဲ့ ၀င်လာတဲ့ တပ်သား သစ်တွေကလည်း ရမ်းပစ်ဖို့နဲ့ ဒိုင်းကာသဘောမျိုးပဲ သုံးလို့ရမယ်။ တပ်ရဲ့ လိုအပ်ချက်ကတော့ ဘက်စုံကကို လိုနေတာပါ” ဟု တပ်သားစုဆောင်းရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် စစ်ကောင်စီသည် နယ်ပယ်စုံမှ နည်းမျိုးစုံဖြင့် အငြိမ်းစားပင် စင်ယူခဲ့ကြသည့် စစ်မှုထမ်းဟောင်းများကို အလျင်အမြန်ပြန်လည်ခေါ်ယူနေပြီး တာဝန်ခွဲဝေမှုကိုပါ ချက်ချင်း ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ အမ်းတို့တွင် ယခုလက်ရှိ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် သင်တန်းပေးထားသည့် မူဆလင်လူငယ်များကို လက်နက် တပ်ဆင်ပေးပြီး တိုက်ပွဲများတွင်အသုံးပြုနေကာ လက်ရှိတွင် ပထမအသုတ်ခေါ်ဆောင်သွားပြီး အရန်အင်အားမှ စစ်မှုထမ်းဟောင်းများ ကိုလည်း စစ်ရေး ပြင်းထန်နေသည့် ၎င်းနေရာများသို့ ပို့ဆောင်မည်ဖြစ် ကြောင်းလည်း သိရသည်။
#အရန်အင်အား #ဥပဒေ #စစ်မှုထမ်းဟောင်း #အရပ်ဘက်ဌာနဆိုင်ရာ #အရာရှိများ #စစ်မှုထမ်းရန် #ပြန်ခေါ်မည် #Ayeyarwaddy_Times