
ဧရာဝတီတိုင်းမ်
မေ ၅ ရက်
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့ရာနေအိမ်အချို့ ထိခိုက်ပျက်စီးမှု များရှိပြီး ကလေးငယ်တစ်ဦးလည်း သေဆုံးမှုရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ယမန်နေ့ မေ ၄ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က လေပြင်း တိုက်ခတ်ခဲ့ရာ ရေကျော် အုပ်စု၊ ဗောဓိကုန်းကျေးရွာတွင် နေအိမ်ခြံဝင်းအတွင်း သစ်ပင်လဲကျ၍ အသက် တစ်နှစ်နှင့် ခြောက်လ အရွယ်ကလေးငယ်တစ်ဦး သေဆုံး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“လေပြင်းတွေတိုက်လာတော့ ကလေးနှစ်ယောက်က အိမ်နောက်ဘက်မှာဆော့နေတာ အရမ်းပြင်းလာတော့ ကြောက်လန့်ပြီး အိမ်ရှေ့ကိုပြေးလာကြတာ။ အဲ့ဒီအချိန် ခြံထဲမှာ စိုက်ထားတဲ့ လုံးပတ်လေးပေခွဲရှိတဲ့ လဲပင်က လဲကျပြီး ကလေးနှစ်ယောက်ကို ပိသွားတာ။ အငယ်လေးက သေသွားတယ်။ အကြီးလေးက ဒဏ်ရာလောက်ပဲရတယ်”ဟု မင်းလှမြို့နယ်နေ ဒေသခံတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အသက် တစ်နှစ်နှင့်ခြောက်လအရွယ်ရှိ မအေမီကိုကိုမှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အစ်မဖြစ်သူ အသက် ၁၂ နှစ်အရွယ် မနှင်းဝေခိုင်မှာ လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လေပြင်း တိုက်ခတ်ခဲ့ရာ နေအိမ်နှင့် အဆောက်အဦးရာကျော်ပျက်စီးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းသွပ် ပြားထိမှန်၍ သေဆုံးခဲ့သည်။
လေထုမတည်ငြိမ်မှု အဖြစ်များသော နွေရာသီ၊ မိုးဦး နှင့် မိုးလွန်ကာလများတွင် မိုးတိမ်တောင်ဖြစ်စဉ် ဖြစ်ပွားတတ်သည့်အတွက် မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက အသိပေးထားသည်။
ပုံစာ- လေပြင်းတိုက်ကာ သစ်ပင်လဲကျ၍ သစ်ပင်ပိခဲ့သည့် ကလေးငယ်
#ပဲခူး #မင်းလှ #လေပြင်းတိုက်ခတ် #နေအိမ်ပျက်စီး #သစ်ပင်လဲကျ #အသက်၁နှစ်ကျော် #ကလေးငယ် #သေဆုံး #Ayeyarwaddy_Times