ဧရာဝတီတိုင်းမ်
မေ ၅ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အခြေစိုက် ခလရ-၃၆ တပ်ရင်းမှ တပ်အရာရှိတစ်ဦးသည် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ ညပိုင်းက တပ်ပြေးပြုလုပ်သွား၍ တပ်ရင်းမှူးအပါအဝင် အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်အချုပ်ပြုလုပ်ကာ စစ်ဆေးနေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ကျုံပျော်မြို့နယ် အခြေစိုက်ခလရ-၃၆ တပ်ရင်းမှ တပ်အရာရှိ ဗိုလ်ကြီး စိုးထက် ဆိုသူသည် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ ည ၁၀နာရီ ၃၀မိနစ်ခန့်က ကင်းအချိန်း အပြောင်း ပြုလုပ်နေစဉ်အတွင်း တပ်ပြေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မှ တပ်ပြေး ပြုလုပ်ခဲ့သည့် အရာရှိနှင့်အတူ တာဝန်ကျခဲ့သည့် တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သားများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးကို အနောက် တောင်တိုင်းစစ်ဌာနချုပ် (နတခ) က တပ်အချုပ်ပြုလုပ်၍ ယနေ့ မေလ ၅ ရက်နေ့ တစ်ပတ်ကျော်ကြာသည်အထိ တပ်ရင်းအချုပ်ခန်း၌ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ် နေကြောင်း ခလရ -၃၆နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“တပ်ပြေးပြုလုပ်သွားတာက ဗိုလ်ကြီးစိုးထက်ပေါ့။ သူက မပြေးခင်တုန်းက အေးဆေး ပဲဗျ။ ဘာမှကိုမသိရတာ။ ညပိုင်းကင်း အပြောင်းအလဲ လုပ်နေတုန်း ပြေးသွားတာပေါ့။ တပ်ထဲမှာအစက သတင်းဖုံးထားသေးတယ်။ နောက်တော့သတင်းထွက်သွားတာနဲ့ နောက်လာတဲ့တပ်ရင်းမှူးကော ဗိုလ်ကြီးစိုးထက်ရဲ့ အဖွဲ့တွေကိုပါ တပ်အချုပ်လုပ်ပြီး စစ်ဆေးနေတယ်။ သူ့အဖွဲ့က လူတွေဆို အချုပ်ထဲမှာဒဏ်ပေးပြီး အရိုက်ပါခံနေရတာ။ တပ်ရင်းမှူးအသစ်ကိုကျတော့ ထုချေလွှာတင်ခိုင်းတယ်။ ပုသိမ်ကိုခေါ်အစစ်ခံနေရတယ်”ဟု ခလရ(၃၆)နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှ အင်အား၃၀ကျော်သည် တပ်ပြေးပြုလုပ်ခဲ့သည့် ဗိုလ်ကြီးစိုးထက်၏ ဇာတိ ကျုံပျော်မြို့နယ် ရှမ်းစုကျေးရွာအတွင်းသို့ ဧပြီ ၂၇ရက်နေ့မှ စတင်၍ စစ်ကြောင်း ထိုးရှာဖွေမှုများ ပြုလုပ်ကာ ဗိုလ်ကြီးစိုးထက်၏ မိဘနှင့်ဆွေမျိုးဖြစ်သူများကိုပါ တပ်တွင်းသို့ ခေါ်ယူ၍စစ်ဆေးနေကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

“ ဗိုလ်ကြီးစိုးထက်တပ်ပြေးတယ်ဆိုတဲ့ သတင်းကြားတယ်။ မကြာဘူး၊ ရွာကိုခလရ-၃၆ တပ်တွေဝင်မွှေတော့တာပဲ။ သူ့အမျိုးတွေကောမိဘတွေကိုပါ ဖုန်းဆက်ပြီးမေးတာတို့ တပ်ထဲခေါ်မေးတာတို့လုပ်နေတယ်။ မတွေ့မချင်းမေးနေတဲ့ သဘောလားပြောမရဘူး”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

ထို့အပြင် ထွက်ပြေးသွားသည့်ဗိုလ်ကြီးစိုးထက်ဆိုသူအား ဖမ်းဆီးရမိရန်အတွက် ကျုံပျော်မြို့နယ်ရှိ လမ်းဆုံနေရာများတွင် စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှ ပိတ်ဆို့ ရှာဖွေမှု များပြုလုပ်နေကာ လမ်းသွားလမ်းလာမြို့ခံများကို ငွေကြေး အတင်းအကျပ်ကောက်ခံ မှုများ ပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။

အလားတူပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ကျုံပျော်အခြေစိုက်ခလရ-၃၆ တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ရမ်းဗြဲမြို့သို့ စစ်ကူရန် သွားရောက်ခဲ့ရပြီး ထိုသို့သွားရောက်စဉ် အာရက္ခတပ်တော် (AA)က ကြားဖြတ် တိုက်ခိုက်၍ ယခင်တပ်ရင်းမှူးဟောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါး ကျဆုံးခဲ့သည်။

#ကျုံပျော်အခြေစိုက် #ခလရ၃၆တပ်ရင်း #ဗိုလ်ကြီးတစ်ဦး #တပ်ပြေးပြုလုပ် #တပ်တွင်းတစ်ခုလုံး #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times