ဧရာဝတီတိုင်းမ်
မေ ၅ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ ခမရ-၅၅၂ ၊ ခမရ-၅၆၄ ၊ ခမရ-၅၆၅၊ ခမရ-၅၅၁ နှင့် အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ဘူးသီးတောင် တပ်မဌာနချုပ် စခန်းတို့ကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ရယူထားပြီ ဖြစ်‌ကြောင်းသိရသည်။

စစ်ကောင်စီ၏ ခမရ-၅၅၂ တပ်ရင်းကို မတ်လ ၂၅ ရက်နေ့တွင်လည်းကောင်း၊ ခမရ-၅၆၄ တပ်ရင်းကို ဧပြီလ ၅ ရက်နေ့တွင်လည်းကောင်း၊ ခမရ -၅၆၅ တပ်ရင်းကို ဧပြီလ ၂၄ ရက်နေ့တွင်လည်း ကောင်း၊ စကခ-၁၅ ဘူးသီးတောင် တပ်မဌာနချုပ်ကို မေလ ၂ ရက်နေ့တွင်လည်းကောင်း၊ ခမရ-၅၅၁ တပ်ရင်းကို မေလ ၃ ရက်နေ့တွင်လည်းကောင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ-၅ (တောင်ကုတ်) ၊ စကခ-၉ (ကျောက်တော်) နှင့် စကခ-၁၅ (ဘူးသီးတောင်) တို့သည် ရခိုင်ဒေသအတွင်း၌ ရှိကြပြီး အဆိုပါ စကခ သုံးခုထဲမှ တစ်ခုဖြစ်သော စကခ-၉ (ကျောက်တော်) လက်အောက်ခံတပ်ရင်းများ အားလုံးကို အာရက္ခတပ်တော် မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တစ်ခုမကျန် အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီ၏ စကခ၃ခုရှိသည့်အထဲတွင်လက်ကျန် စကခ နှစ်ခုထဲမှတစ်ခုဖြစ်သော “စကခ-၁၅ (ဘူးသီးတောင်)” လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ-၃၄၅ ၊ ခမရ-၃၅၂ ၊ ခမရ-၃၅၃ ၊ ခမရ-၅၃၅ ၊ ခမရ-၅၅၁ ၊ ခမရ-၅၅၂ ၊ ခမရ-၅၆၄ ၊ ခမရ-၅၆၅ တပ်ရင်းများနှင့် “ဘူးသီးတောင်ဗျူဟာ” လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ-၂၃၃ ၊ ခလရ-၂၃၄ ၊ ခလရ-၂၆၃ နှင့် အမတ-၃၇၈ တို့ကို အာရက္ခတပ်တော် မှ တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တပ်ရင်း လေးခုနှင့် စကခ ဌာနချုပ်တို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် AA က စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများ ကို ဖမ်းဆီးရမိထားပြီး စကခ-၁၅ တပ်မဌာနချုပ်ကို ကာလ အတန်ကြာ ဝိုင်းရံပိတ်ဆို့ကာ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ခြင်းဖြစ်သည်။

AA သည် စကခ-၁၅ တပ်မဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ခမရ-၅၅၁ နှင့် စကခ-၁၅ တပ်မဌာနချုပ်မှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့များအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့၍ AA က တိုက်ခိုက်ခဲ့ရာ ထိခိုက်၊ သေဆုံးမှုများပြားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ပြီး ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် စစ်ကောင်စီ စခန်းများဖြစ်ကြသော တာဝါတိုင် စခန်းကုန်း၊ ၆ မိုင်စခန်းကုန်းတို့အပြင် နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

ရခိုင်ဒေသအတွင်း၌ စစ်ကောင်စီ နှင့် အာရက္ခတပ်တော် ( Arakan Army) တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလသည် ခြောက်လနီးပါးခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

AA အနေဖြင့် ထိုးစစ်ကို တစ်ရက်မှရပ်တန့်ခြင်း မရှိဘဲ စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော တပ်ရင်း၊ တပ်မ၊ စကခဌာနချုပ်၊ နပခ ဌာနချုပ်များကို ယနေ့အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ‌ကြောင်း သိရသည်။

ပုံစာ- ​မြောက်ဦးတိုက်ပွဲအတွင်း ရရှိခဲ့​သော လက်နက်ခဲယမ်းများ
#ရခိုင် #ဘူးသီးတောင် #စစ်ကောင်စီ #စကခ၁၅ #မောင်တော #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times