
ဧရာဝတီတိုင်းမ်
(ရေး)၊ မေ ၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် ရေးမြို့မရဲစခန်းမှ နယ်ထိန်းရဲအောင်သူဆိုသူကို ယနေ့ မေ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပစ်သတ်ခံရသည့် နယ်ထိန်းရဲအောင်သူသည် ရပ်ကွက် သုံး ရပ်ကွက်ပိုင် နယ်ထိန်းရဲတစ်ဦးဖြစ်ပြီး ရန်မျိူးအောင် ရပ်ကွက်အတွင်း ဘီယာသောက်ရန်လာစဉ် ရေးဘီလူးတပ်ဖွဲ့မှ သေနတ်ဖြင့် ငါးချက်ခန့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ဆီက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ ဖုန်းတလုံးရယ်၊ သူ၀တ်လာခဲ့တဲ့ ပြည်သူလူထုဆီက မတရားရလာတဲ့ငွေနဲ့ ပြုလုပ်ထားတဲ့ ရွှေဆွဲကြိုးတစ်ကုံးကို သိမ်းဆည်းရမိတယ်။ ကျန်တဲ့သေနတ်တွေတော့ သူယူမလာဘူး။ သေနတ်တွေက အပ်ထားပုံရတယ်။ အပြင်သွား ဘာသွားတာတွေအတွက် နောက်ပိုင်း အကွက်ပျောက်တွေပဲ မြို့ထဲမှာ လိုက်ပတ်သွားလာနေတာမျိုးတွေ တွေ့ရတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ နယ်ထိန်းရဲကို ဒေသခံများ၏ တိုင်ကြားချက်အရ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ညနေ ခြောက်နာရီကျော်တွင် အပြင်ထွက်သည့် လူငယ်များကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ လောင်းကစားဝိုင်းများကို တရားဝင်ဖွင့်လှစ်ခွင့် ပေးထားခြင်း၊ ဘောလုံးပွဲလောင်းခြင်း၊ နှစ်လုံးထီထိုခြင်းများကိုလည်း အကောက်ခွန်ဖြင့် ခွင့်ပြုပေးထားခြင်းများကို လုပ်ဆောင်သူဖြစ်ကြောင်း သိရသည်။
ရေးဘီလူးတပ်ဖွဲ့သည့် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ရေးမြို့နယ်အတွင်းရှိ ခံသင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဝင် နှစ် ဦးလည်း သေဆုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – ရေးဘီလူး
#ရေး #ရေးဘီလူး #နယ်ထိန်းရဲအောင်သူ #အသတ်ခံရ #Ayeyarwaddy_Times