မြရာ/ဧရာ၀တီတိုင်းမ်
မေ ၄ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းသည့်ဆိုသော သတင်းစကားကြောင့် ပြည်သူများ တုန်လှုပ်ခဲ့ ရသော်လည်း စစ်အုပ်စုအပါအ၀င် စစ်ဘက်ထိပ်တန်း အရာရှိများအဖြစ်မှ အနားယူကာ ဌာနဆိုင်ရာများတွင် ရာထူးကြီးများရယူထားသည့် ကြံ့ခိုင်ရေးပါတီ၀င်များနှင့် စစ်တပ် ပင်စင်စား စစ်မှုထမ်းဟောင်းအများစုမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သည်အထိ ပျော်ရွှင်ခဲ့ကြသည်။

စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့ကြသည့် လူငယ်များ၏ လက်နက်ကိုင် တော်လှန်ရေး မစတင်ခင်အထိ စစ်တပ်မှ အငြိမ်းစားယူကာ အရပ်ဘက်ဌာနဆိုင်ရာ များတွင် တာဝန်ယူနေသူ မိုးကျရွှေကိုယ်ခေါ် နှစ်သီးစားများနှင့် စစ်မှုထမ်းဟောင်း တစ်စုတို့မှာ စစ်ခေါင်းဆောင်ကို ထောက်ခံသူများအဖြစ် ရှိခဲ့သည်။

🟥စစ်ရှုံးစစ်ကောင်စီ

ရှမ်းမြောက်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းမှ စတင်၍ ကိုးကန့် တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ကရင်နီဒေသ နှင့် ကရင်ပြည်နယ် တို့တွင်လည်း စစ်ရေးပြင်းထန်ခဲ့သည်။

ရှမ်းမြောက်စစ်ပွဲများတွင် စစ်ကောင်စီတပ်၏ တပ်ရင်းအလိုက်လက်နက်ချမှုများ၊ တပ်မ၊ တပ်ရင်းအလိုက်ကျဆုံးများနှင့်အတူ တပ်သားအင်အားပြုန်းတီးမှု လက်နက်ခဲ ယမ်းဆုံရှုံးမှုများ များစွာ ဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီသည် ထိုသို့ စစ်အင်အား ပြုန်းတီးမှု လက်နက်ခဲယမ်းဆုံးရှုံးမှုများ ရင်ဆိုင် နေရစဉ် နိုဝင်ဘာလအတွင်းတွင် တစ်ကျော့ပြန်စတင်လာသည့် ရခိုင်ပြည်နယ် စစ်ပွဲများကြောင့် အဘက်ဘက်မှ ဆုံးရှုံးမှုများ ပြားကာ “စစ်ရှုံးစစ်ကောင်စီ” ဆိုသည့် ဂုဏ်ပုဒ်တစ်ခုကိုပင် ပိုင်ဆိုင်ခွင့် ရလာခဲ့သည်။

စစ်ရှုံးစစ်ကောင်စီသည် တပ်သားအင်အားလိုအပ်ချက်ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါ ရီလမှ စတင်ကာ စစ်မှုမထမ်းမနေရ ဥပဒေကိုအတည်ပြုပြဋ္ဌာန်းခဲ့၍ စစ်တပ် ထောက်ခံ သူများနှင့် စစ်တပ်မှ အငြိမ်းစားယူထားသူများက အထူးပင်အားပေး အားမြှောက် ပြုခဲ့ကြသည်။

စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း အာဏာတည်ကြောင်း ထုတ်ပြန်လိုက်သည့် အချိန်တွင် ယင်းဥပဒေကိုထောက်ခံကြောင်း စစ်တပ်အရာရှိဟောင်များဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ ၊ မဘသအဖွဲ့တို့နှင့်အတူ စစ်တပ်အငြိမ်းစား စစ်မှု‌ထမ်းဟောင်းများကပါ အင်တိုက်အားတိုက် ပါ၀င်ဆန္ဒပြခဲ့ကြသည်။

စစ်ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုထုတ်ပြန်ပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းတွင် အငြိမ်းစားစစ်မှုထမ်းဟောင်းများကို ပြန်လည် ခေါ်ယူခိုင်းစေမည့် အရန်တပ်ဖွဲ့ဥပဒေကို ဆက်လက်ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အရန်တပ်ဖွဲ့ဥပဒေ ထုတ်ပြန်မှုကြောင့် အာဏာ သိမ်းမှုကို အားပေး အားမြှောက်ပြုကာ ပျော်ရွှင်ခဲ့သည့် စစ်တပ် အငြိမ်းစားအုပ်စု၏ မကျေနပ်မှုများ အချို့ ထွက်ပေါ် လာခဲ့သည်။

စစ်ခေါင်းဆောင်က အသက်သွင်းခဲ့သည့် အရန်တပ်ဖွဲ့ဥပဒေသည် စစ်အာဏာပိုင်များ၏ လတ်တလော ပြောစကားအရ စစ်တပ်နှင့် နှစ်များစွာကင်းကွာမှုမရှိ သေးသည့် စစ်တပ်အငြိမ်းစား စစ်မှုထမ်းဟောင်းများကိုသာ အရန်တပ်ဖွဲ့ဥပဒေဖြင့် ခေါ်ယူမည်ဟု ဆိုသော်လည်း စစ်တပ်၏ ကတိမတည်မှုထုံးတမ်း အစဉ်လာအရ အငြိမ်းစားတို့၏ ပျော်ရွှင်မှု သက်တမ်းမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

🟥စစ်အုပ်စုကိုထောက်ခံသည့် စစ်တပ်မှ အငြိမ်းစားယူထားသူများ

စစ်ကောင်စီ၏ အရန်တပ်ဖွဲ့ဥပဒေတွင် ကိုယ့်ကိုယ်ကို မသယ်နိုင်သည့် ဒုက္ခိတများမှ တပါး အသက် ၆၇ နှစ်အထိအကြုံး၀င်သည့်အတွက် သက်ကြားအို စစ်မှုထမ်း ဟောင်းအားလုံးကို စစ်ရေးလှုပ်ရှားမှုများတွင် ပါ၀င်ရန် စီမံပြီးသားဖြစ်နေသည်။

ထို့ပြင် စစ်တပ်နှင့်ပတ်သက်ခြင်းမပြုလို၍ ဆေးစာအတုပြုလုပ်ခြင်း၊ ပြစ်မှုအနည်းငယ် ပြ၍ ထောင်ကျခံကာ စစ်တပ်မှထွက်ခြင်း၊ အရပ်ဘက်ပြောင်း၍ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲခဲ့ကြသူများကို ယခုအရန်ဥပဒေသည် သက်ညှာပေးမည်မဟုတ်ကြောင်း သိရသည်။

စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ စစ်ရေးချုပ်ရုံးမှ ထွက်ပေါ်လာသည့် လျှို့ဝှက်စာအရ ချမှတ်လိုက်သည့် အရန်အင်အားဥပဒေ၏ သတ်မှတ်ချက် ကျင့်ဝတ်နှင့် စည်းကမ်းများကို စစ်ခေါင်း ဆောင်တစ်ဦးတည်းကသာ လိုသလိုစီမံပိုင်ခွင့်ရှိသည်ကို အတိအလင်းဖော်ပြထားသည်ကို တွေ့ရသည်။

စစ်မှုထမ်းဟောင်းများအနေဖြင့် ကိုယ်လက်အင်္ဂါချို့ယွင်းသည်မှတစ်ပါး အရန်တပ်ဖွဲ့ ဥပဒေဖြင့် ခေါ်ဆောင်ပါက မည်သို့မျှ ရှောင်လွှဲနိုင်တော့မည်မဟုတ် ကြောင်း သိရသည်။

🟥စစ်မှုထမ်းဟောင်းတွေက စစ်ခေါင်းဆောင်ကို ဘယ်အချိန်ထိ အလုပ်လုပ် ပေးရမလဲ

စစ်ကောင်စီတပ်၏ ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာဖြင့် လျှို့ဝှက်ညွှ န်ကြားခဲ့သည့် အရန်တပ်ဖွဲဥပဒေနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် အသက် ၆၇ နှစ်အထိရှိသော စစ်မှုထမ်း ဟောင်းများကို ခေါ်ဆောင်မည်ဟုဆိုထားပြီး ၅ နှစ်ထက် ကျော်လွန်၍ ခိုင်းစေမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော်လည်း လုပ်ရည်ကိုင်ရည်ရှိပြီး စစ်တပ်အတွက် လိုအပ်ချက်ရှိလာပါက တပ်ချုပ် (စစ်ခေါင်းဆောင်)၏ အမိန့်ဖြင့် ဆက်လက် တာဝန်ပေးခိုင်းစေနိုင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

“အခုက လုပ်ထုံးလုပ်နည်းအရ စာထုတ်တယ်ဆိုပေမယ့် တပ်ချုပ်တစ်ဦးထဲရဲ့ အမိန့်နဲ့ စစ်မှုထမ်းသူကို ခိုင်းချင်တဲ့အချိန်အထိ ခိုင်းစေနိုင်တယ်ဆိုတာ တရားဝင်ထုတ် ပြန်လိုက်တယ်။ တပ်ကနေ ဘယ်အချိန်မှ နားရမှာလဲ၊ အခုက အသက်အပိုင်း အခြားနဲ့ လိုက်ပြီး တာဝန်တွေပါ ခွဲပြီးသားဆိုတော့ ကျွန်တော်တို့ ဒီဥပဒေကနေ ဘယ်လိုမှ ရှောင်လွှဲလို့ မရတော့ဘူး” ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

🟥တပ်နှင့်ကင်းကွာနေသည့် စစ်မှုထမ်းဟောင်းများကို အသုံးပြု

ရှမ်းမြောက်နှင့် ရခိုင်တွင် အကြီးအကျယ်ဆုံးရှုံးသွားသည့် စစ်ရှုံးစစ်ကောင်စီသည် စစ်အင်အားကို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ဖာထေးခေါ်ယူရန်စီစဉ်ခဲ့သည့်အပြင် အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဋ္ဌာန်း၍ ချက်ချင်းအသက်သွင်း အာဏာတည်လိုက်ခြင်းက စစ်မှုထမ်းဟောင်းများနှင့် တပ်ထောက်ခံသူများကို တုန်လှုပ်ချောက်ခြားစေခဲ့သည်။

စစ်ခေါင်းဆောင်က အရန်တပ်ဖွဲ့ဥပဒေကို လိုက်နာရမည့် အချက်များအပြင် စစ်မှု ထမ်းခွင့်ကို ရှောင်လွှဲပါက တပ်အတွက် ပေးဆပ်အကျိုးပြုထားသည့် ရပိုင်ခွင့်များကိုပါ အလုံးစုံ ဖျက်သိမ်းသွားမည်ဟု လျှို့ဝှက်စာထုတ်၍ ညွှန်ကြားခဲ့သည်။

အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်သူများ၏ တာ၀န်များကို အသက်အရွယ်လိုက် ကန့်သတ်၍ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ရေးအမိန့်စာကိုလည်း စစ်ဘက်အာဏာပိုင်များမှ ထုတ်ပြန်ပေးရမည်ဟုဆိုထားသည်။

အရန်စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းရမည့်သူများကို အသက် ၅၅ နှစ်အောက်ဖြစ်ပါက လှုပ်ရှားစစ်ဆင် ရေး တာ၀န်၊ အသက် ၅၅ နှစ်မှ ၆၇ နှစ်အထိ ဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေး၊ ခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာ၀န်များကို ထမ်းဆောင်ခိုင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

🟥စစ်မှုထမ်းပြီးရင် ထွက်ခွင့်ပေးမှာလား

အရန်စစ်မှုထမ်းဥပဒေ၏ လျှို့ဝှက်စာတွင် စစ်မှုထမ်း ဟောင်းတစ်ဦးအနေဖြင့် ထွက်စာ တင်ခြင်းကို ခွင့်ပြု မည်မဟုတ်ဘဲ ၎င်းတို့ရေးသားထားချက်အရ ၅ နှစ် အထိ တာဝန် ထမ်းဆောင်ပေးရမည်ဖြစ်ပြီး လိုအပ်ပါ က ထို့ထက်ပို၍ တာဝန်ထမ်းဆောင် ပေးရမည်ဖြစ် ကြောင်း သိရသည်။

အရန်အင်အားဥပဒေကို ချိုးဖောက်ပြီး ဆင့်ခေါ်သည့် ရက်အတွင်း အကြောင်း ပြန်ကြားခြင်းမပြုပါကလည်း ယခင်တာဝန်ထမ်းဆောင်စဉ်က ရရှိထားသည့် အငြိမ်းစား ပင်စင်လစာ ကို ဆိုင်းငံ့မည်ဖြစ်ကြောင်း သိရသည်။

ဆင့်ခေါ်ခံရသည့် စစ်မှုထမ်းဟောင်းများကို အသက်အရွယ်လိုက် တာဝန်များ ခွဲခြား ထားသော်လည်း ညွှန်ကြားထားသည့် အချက်အလက်များအရ ရှေ့တန်းစစ် မျက်နှာပြင်သို့ မဖြစ်မနေ ထွက်ကြရမည် ဖြစ်ကြောင်း သိရသည်။

“အခုထွက်လာတဲ့ အရန်တပ်ဖွဲ့ဥပဒေထုတ်ပြန်ချက်ကို စစ်မှုထမ်းဟောင်းတွေ အရမ်း အံ့ဩကြရတယ်။ ကျွန်တော်တို့ အားပေးထောက်ခံတဲ့ စစ်တပ်က ကျွန်တော်တို့ကို တစ်စက်မှလှည့်မကြည့်ဘူး။ သေတဲ့အထိခိုင်းဖို့ ရည် ရွယ်ထားပုံရတယ်။ ကျွန်တော်တို့မှာ ဖျတ်လတ်မှုလည်းမရှိတော့ဘူး။ ခြင်းကြားတွေသယ်ရမယ့် အရွယ်လည်း မဟုတ်တော့ ဘူး။ တပ်ချုပ်က ကျွန်တော်တို့အပေါ် ငဲ့ညှာသင့်တယ်။ ရှင်းရှင်းပြောရရင် တပ်အတွက် အများကြီး ပေးဆပ်ခဲ့ပြီးပြီ” ဟု စစ်တပ်မှ သက်ပြည့်ပင်စင်ယူထားသည်မှာ ၂ နှစ်ရှိနေပြီ ဖြစ်သည့် အသက် ၆၂ နှစ်အရွယ် အငြိမ်းစား ဗိုလ်ကြီးတစ်ဦးက ပြောသည်။

🟥ဆုကြေးငွေများနှင့် မက်လုံးပေး

စစ်ကောင်စီသည် ၎င်းတို့ဆင့်ခေါ်စာအတိုင်း အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်း ရန်၀င်လာသည့် စစ်မှုထမ်းဟောင်း အငြိမ်းစားများကို တစ်နှစ်တာဝန်ထမ်းဆောင်ပါက ကျပ်ငွေတစ်သိန်း၊ နှစ်နှစ်ထမ်းဆောင်နိုင်ပါက ကျပ်ငွေနှစ်သိန်း၊ သုံးနှစ် ထမ်းဆောင်ပါက ကျပ်ငွေသုံးသိန်း တစ်လုံးတစ်ခဲတည်းပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြကာ မက်လုံးပေးထားသည်။

“တစ်နှစ်ထမ်း‌ဆောင်နိုင်ရင် တစ်သိန်းပေးမယ်ပြောတယ်။ တစ်နှစ်မပြည့်ခင် သေသွားရင် ဘာလုပ်ပေး မလဲ မသိရဘူး။ ပြီးတော့ ရေးသားထားချက်မှာ ယခု တာဝန်ထမ်းဆောင်တဲ့ လစာကို အငြိမ်းစားလစာပဲ ပေးမှာလား။ တာဝန်ထမ်းဆောင်စဉ်က ရခဲ့တဲ့လစာကို ထပ်ပိုးပေးမှာလား ကွဲကွဲပြားပြား ‌မသိရဘူး။ ‌သုံးနှစ် ပြည့်အောင် ထမ်းဆောင်ရင် သုံးသိန်းလို့ပြောတယ်။ အဓိကအနေနဲ့တော့ အောက်ခြေစစ်သား အငြိမ်းစားတွေကို မျှားချင်တယ်လို့ပဲ ယူဆတယ်။ ကျွန်တော်တို့ အတွက်တော့ အေးအေးဆေးဆေး နားချင်ပြီ။ တပ်ချုပ် ဘာတွေလုပ်နေလဲဆိုတာ မမှန်းနိုင်တော့ဘူး။ ဘေးနားက ဝန်းရံ နေသူတွေကလည်း အောက်ခြေကို မကြည့်တတ်တဲ့ အထက်ဖားအောက်ဖိတွေကြီးပဲ။ ပေးထားတဲ့ မက်လုံးငွေကြေးဟာ စစ်ခေါင်းဆောင်တွေရဲ့ ဖိနပ်ကြိုးတစ်ချောင်းစာတောင် မရှိဘူး”ဟု အဆိုပါ အငြိမ်းစားဗိုလ်ကြီးက ပြောသည်။

စစ်ကောင်စီကငွေကြေးအကြောင်းပြကာ မက်မလုံးပေး ခေါ်ဆောင်နေသော်လည်း လက်ရှိ စစ်မှုထမ်းရင်း သေဆုံးသွားသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ၏ သေပင်စင်၊ သက်စွန့်ကြေး နှင့် အသက်အာမခံများကို လွယ်လင့်တကူထုတ်ပေးနိုင်ခြင်းမရှိဘဲ မိသားစုများမှ ဆိုင်ရာဌာနများသို့သွား၍ တိုးဝှေ့ကာငွေကြေး လာဘ်ပေး၍ ခံစားခွင့် များကို တောင်းယူနေရကြောင်း သိရသည်။

🟥စစ်တပ်ကနှစ်သီးစားအငြိမ်းစား အရာရှိများ

စစ်ခေါင်းဆောင်က အသက် ၄၄ နှစ်အတွင်းရှိနေသူများ လှုပ်ရှားရေးတာဝန်ယူရမည်ဟု ထုတ်ပြန်လိုက်သည့်အပေါ် တပ်မှ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးပင်စင်ယူကာ အရပ်ဘက်ဌာနဆိုင်ရာများတွင် ရာထူးကြီးယူထားသူ နှစ်သီးစား အရာရှိများနှင့် လတ်တလော အနားယူထားသည့် ပင်စင်စားအငြိမ်းစား အရာရှိများအနေဖြင့် စစ်ခေါင်းဆောင်၏ ထုတ်ပြန်ချက်အပေါ် လွန်ဆန်နိုင်မည်လားဆိုသည့် မေးခွန်းထုတ်မှုများ ရှိလာသည်။

“အခြေအနေက တပ်ထဲက ပင်စင်နီးတွေကို ပင်စင်ထုတ်‌မပေးဘဲ လေ့ကျင့်ရေး သင်တန်းကျောင်းထဲ ဆွဲခေါ်သွားတာမျိုးတွေပဲ တွေ့နေရသေးတယ်။ ပြီးတော့ လက်လှမ်းမီရာ စစ်မှုထမ်းဟောင်းတွေကို ဆွဲခေါ်ထားတယ်။ ကျွန်တော်ဆို တပ်ကနားတာ ၁၀ နှစ်ရှိပြီ။ ပြီးတော့ ဆိပ်ကမ်းအာဏာပိုင်မှာ ပြန်ဝင်ပြီးလုပ်တာ အငြိမ်းစားယူလိုက်တာ ၅ နှစ်ရှိပြီ။ နှစ်သီးစားပေါ့။ အခုက ရန်ကုန်တက်ဖို့ကို ထောက်ခံစာသွားမယူရဲဘူး။ တပ်ကဆိုပြီး ခေါ်ထားလိုက်မှာဆိုးလို့” ဟု အရန်တပ်ဖွဲ့ ဥပဒေကြောင့် စစ်မှုထမ်းရမည်ကို စိုးရိမ်ကာ ရှောင်ပုန်းနေသည့် စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

လတ်တလောတွင် ငွေကြေးချမ်းသာမှုသည့် တပ်အငြိမ်းစားများမှာ လူစားထိုးမှုနှင့် လာဘ်ပေး လာဘ်ယူမှုများပြုလုပ်၍ အရန်ဥပဒေကိုရှောင်လွှဲလျက်ရှိကြောင်း သိရသည်။

ဧပြီ ၁၁ ရက်နေ့က ထွက်ရှိလာသည့် အရန်အင်အားဥပဒေလျှို့ဝှက်စာသည် အရန် အင်အားပထမအသုတ် ခေါ်ယူပြီး စစ်မှုထမ်းများကို ဆိုင်ရာဌာနများသို့ ပို့ ဆောင်ပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် မည်သည့်စည်းကမ်း စုဖွဲ့မှုမျှမရှိဘဲ လိုအပ် သလို စစ်မှု ထမ်းဟောင်းများကို ဖိအားပေးခေါ်ဆောင်သွားပြီးမှ အရန်ဥပဒေစည်းကမ်းချက်အချို့ကို ထုတ် ပြန်လာခြင်း ဖြစ်ကြောင်း သိရသည်။

တပ်အင်အားပြုန်းတီးမှု၊ တပ်အင်အားဖြုန်းတီးခံရမှု များကြောင့် စစ်ခေါင်းဆောင်သည် လူသစ်စုဆောင်းမှုများကို ထင်သလိုလုပ်ဆောင်နေပြီး ၎င်း၏လက် အောက်ခံများ ကလည်း ရပ်ကွက်အတွင်းရှိ လူငယ်၊ လူရွယ်များနှင့် ၎င်းတို့ မိသားစု၀င်များကို ဖိအားပေး ခိုင်းစေ၊ ဖမ်းဆီး၊ ငွေညှစ်မှုများ ပြုလုပ်လျက်ရှိသည် ကို တွေ့ရသည်။

“လူစုဆောင်းပြီးမှ လုပ်ဆောင်ရမယ့် ကျင့်ဝတ်စည်းကမ်းကို လိုသလိုရေးတယ်ဆိုတော့ တကယ့်ကို ပရမ်းပတာဖြစ်နေတယ်။ အာဏာသိမ်းလို့ ပျော်ရွှင်ပြီး ခါးတောင်းကြိုက် လက်ခမောင်းခတ်ခဲ့တဲ့ သက်ကြားအို အငြိမ်းစားအုပ်စုလည်း မပျော်နိုင်တော့ဘူး။ အခုတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ အပေါ်မှာ မပျော်နိုင်တော့တဲ့ ပင်စင်စား အုပ်စု ဖြစ်သွားပြီ ” ဟု အငြိမ်းစားယူထားသူများအတွက် ပေးထားသည့် ရပ်ကွက်တွင် နေထိုင်သော ပြည်သူတစ်ဦးက ဆိုသည်။

#စစ်ခေါင်းဆောင် #ပျော်ရွှင်မှုသက်တမ်းကုန်ဆုံး #စစ်တပ်ပင်စင်စားများ #သတင်းဆောင်းပါး #Ayeyarwaddy_Times