
ဧရာဝတီတိုင်းမ်
(ကြာအင်းဆိပ်ကြီး)၊ မေ ၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ -၂၈၄ တပ်ရင်း အခြေစိုက် တော်စွန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်လ နီးပါး အကြာ ထိုးစစ်ဆင်၍ ယမန်နေ့ မေ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲကာလ တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ တောင်စွန်းစခန်းကို ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ကစတင်ကာ ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေ ၃ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို ရှင်းလင်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသန့်ဇင်ဝင်းအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။
ထို့ပြင် အဆိုပါစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ် ၄၀ ကျော်ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
“ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက တောထဲမှာပဲရှိမယ်၊ ပူးပေါင်းမယ်ဆိုရင် အနန်းကွင်း ဗျူဟာတော့ရှိတယ်။ ဒါပေမယ့် ကြားနယ်မြေအားလုံးက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ လုံခြုံရေးအပြည့်ယူထားလို့ အလွယ်တကူတော့ လွတ်မြောက်ဖို့ မရှိဘူး။ ကြားမှာ စခန်းတက်တိုင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ကျဆုံး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ လက်နက်တွေ ၄၀ လောက်သိမ်းဆည်း ရမိ ပေမယ့် ပျက်စီးတာတွေများတယ်။ အကောင်းနည်းတယ်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တာဝန်ရှိသူ ကိုအောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ သည့်အတွက် တောင်စွန်းနှင့် ဆင်ပြေးကျေးရွာများရှိ ဘာသာရေးအဆောက်အအုံများ အပါအဝင် နေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
“ဒီပွဲက ရာဇဝင်ကြွေးဆပ်လိုက်တာပါပဲ။ ပြီးတော့ နယ်မြေအရလည်း အဓိကကျတဲ့ စစ်စခန်း တစ်ခုဖြစ်တယ်။ ဒီစခန်းကိုသိမ်းလိုက်နိုင်ခြင်းအားဖြင့် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်မြို့ပေါ်စစ်ဆင်ရေးတွေအတွက် အဟန့်အတား တခုကိုဖျက်ဆီး လိုက်နိုင်တယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့် အရေးပါပြီး ရှေ့အလုပ်တွေအတွက် အခွင့်အလမ်းသာပြီလို့ပဲ သုံးသပ်လို့ရပါတယ်” ဟု ကိုအောင်စံရှားကဆက်လက် ပြောသည်။
အဆိုပါစခန်းကို ယမန်နှစ် ၂၀၂၃ ၊ ဇန်နဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ စခန်းသိမ်းနိုင်ရန် တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ ထိခိုက် ကျ ဆုံးမှု များခဲ့ရကာ ယခုတစ်ကြိမ်တွင်မှ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) ၊ Lion Battalion Commando စစ်ကြောင်း၊ Federal Wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – SOF
#ကြာအင်းဆိပ်ကြီး #တောင်စွန်းစခန်း #စခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီဆုတ်ခွာ #Ayeyarwaddy_Times