ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၄ ရက်

တနင်္သာရီ မြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး နှစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က လက်နက်ခဲယမ်းများယူဆောင်၍ အလင်း ဝင်ရောက်လာခဲ့ကြောင်း တောင်ပိုင်းညီနောင်စစ်ကြောင်း (Southern Brothers Army) တာဝန်ရှိသူထံက သိရသည်။

အောက်ကင်းရွာအခြေစိုက် ခလရ-၅၅၇ တပ်ရင်းမှ တပ်ကြပ်ကြီးစာရေးကိုကိုထွေး နှင့် တပ်ကြပ်ကြီးစာရေးမြတ်စိုးဦးတို့ နှစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန် မထမ်းဆောင်နိုင်တော့သည့် အတွက် အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်းသိရသည်။

“အဲဒီစစ်ကောင်စီတပ်သားနှစ်ဦးက အာဏာသိမ်းကတည်းက CDM လုပ်ဖို့ဆုံးဖြတ် ထားကြတာတဲ့။ ချိတ်ဆက်ဖို့မရခဲ့တာရယ်။ ထွက်ပြေးဖို့ ဘယ်လိုမှ အခွင့်မသာလို့ အခုမှပဲ CDM ပြုလုပ်ရတာပေါ့။ အရင်ကတည်းက ကြိုတင်ချိတ်ဆက်မှုရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဆီကို နေ့ချင်းပေါက်ပဲ အခက်အခဲမရှိရောက်လာကြတယ်” ဟု တောင်ပိုင်းညီနောင်စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးတွင် M-A3 မောင်းပြန် သေနတ် နှစ်လက်၊ ၅ ပွိုင့် ၅၆ ကျည်ဆံ ၂၆၀ တောင့် နှင့် ကျည်ဘောက်ခြောက်ခုတို့ကို ယူဆောင်လာပြီး တောင်ပိုင်းညီနောင်စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ရင်ခွင်ထံ ခိုလှုံပြီး အလင်းဝင်ရောက်လာသည့် CDM စစ်ကောင်စီတပ်သား နှစ်ဦးကို တောင်ပိုင်းညီနောင် စစ်ကြောင်းမှနွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာထားရှိပြီး သွားချင်သည့် နေရာအထိ ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယူဆောင်လာသည် လက်နက်ခဲယမ်းများကိုလည်း တန်ဖိုးအလိုက် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သား နှင့် ရဲတပ်သားများ အနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ခိုလှုံ၍ CDM ပြုလုပ်ကြရန် တောင်ပိုင်းညီနောင်စစ်ကြောင်း (Southern Brothers Army) က တိုက်တွန်းထားသည်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ဝင်းဝ ရဲစခန်းတွင် တာဝန် ကျနေသည့် စစ်ကောင်စီတပ်သား သုံးဦးသည် ခဲယမ်းများနှင့်အတူ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်။

ပုံစာ-အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ၂ ဦး
#တနင်္သာရီ #တပ်ကြပ်ကြီး၂ဦး #လက်နက်ခဲယမ်း #တောင်ပိုင်းညီနောင်စစ်ကြောင်း #အလင်းဝင် #Ayeyarwaddy_Times