ဧရာ၀တီတိုင်းမ်
မေ ၄ ရက်

နှစ်စဉ် မေလ ၃ ရက်နေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကာလအခါသမယတွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလောက အခြေအနေသည် ဖိနှိပ်မှုမျိုးစုံနှင့် အမှောင်မိုက်ဆုံးအချိန်ကာလကို ဖြတ်သန်းနေရသည်ကို တွေ့ရသည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းမှာ အဆင့် ၁၇၁ တွင်ရှိနေပြီး ကမ္ဘာပေါ်ရှိ သတင်းသမားများအတွက် အန္တရာယ်အကြီးဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် ပါဝင်နေသည်။

လွတ်လပ်သော သတင်းမီဒီယာဟူသည် ပေါင်းကူးတံတားဖြစ်သည်။ ပြည်သူလူထု၏ အခက်အခဲဒုက္ခနှင့် ပြဿနာများကို သက်ဆိုင်ရာအစိုးရများ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတာဝန်ရှိသူများ သိရှိစေရန် ရေးသားဖော်ထုတ် တင်ဆက်ရသည်။

တဖန် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံအတွက် လုပ်ဆောင်နေမှုများထဲမှ အရေးကြီးသည့်အကြောင်းအရာများကို သတင်းမီဒီယာများက ရေးသားဖော်ပြခြင်းဖြင့် ပေါင်းကူးပေးကြသည်။

ထိုမျှမက လွတ်လပ်သော သတင်းမီဒီယာသည် ပြည်သူလူထု၏ နား၊ မျက်စိနှင့် ပါးစပ်များဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုကိုယ်စား အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး တာဝန်ရှိသူတို့၏ ဆောင်ရွက် ချက်များ ကောင်း/မကောင်း၊ အကျိုးရှိ/မရှိ၊ နည်းလမ်းမှန်/မမှန်ကို ပြည်သူလူထုကိုယ်စား စောင့်ကြည့်ရသည်။ ဆန်းစစ်ရသည်၊ ထောက်ပြဝေဖန်ရသည်။ ယင်းသည် လွတ်လပ်သောသတင်းမီဒီယာများ၏ လုပ်ငန်းတာဝန် ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင်လည်း မြန်မာသတင်းသမားများသည် မိမိတို့တာဝန်ရှိသည့်အလျှောက် အာဏာသိမ်းစစ်တပ်အပေါ် ပြည်သူလူထု၏ဆန့်ကျင်မှု၊ လူထု၏ဆန္ဒသဘောထားများကို ဖော်ထုတ်တင်ဆက် ကြသလို စစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှု၊ ဖမ်းဆီးနှိပ်စက်၊ အကျဉ်းချသတ်ဖြတ်မှုတို့ကိုလည်း နိုင်ငံသိ၊ ကမ္ဘာသိအောင် ဖော်ထုတ်ခဲ့ကြသည်။

ထို့ကြောင့် စစ်ကောင်စီက လွတ်လပ်သောမြန်မာသတင်းမီဒီယာများကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်။ လိုက်လံရှာဖွေဖမ်းဆီး၍ စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်သည်။ ထောင်ဒဏ်အနှစ် ၂၀ ၊ တစ်သက်တစ်ကျွန်း စသည့် ကြီးလေးသည့်ပြစ်ဒဏ်များချမှတ်သည်။ စစ်ပွဲပဋိပက္ခအတွင်းဖမ်းမိသည့် သတင်းထောက်တွေဆိုလျှင် ရက်စက်စွာ သတ်ပစ်သည်။

မြန်မာသတင်းသမားများ ကြောက်ရွံ့နောက်တွန့် သွားစေရန် စစ်တပ်က လုပ်ပြခြင်းပင် ဖြစ်သည်။

စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း မြန်မာသတင်းသမား ၁၅၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက် အကျဉ်းချခဲ့သလို သတင်းထောက် လေး ဦးကိုလည်း အာဏာသိမ်းစစ်တပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီ၏ရက်စက်ကြမ်းကြုတ်စွာဖိနှိပ်မှုများကြောင့် အရေအတွက် ရာနှင့်ချီသော မြန်မာ သတင်းသမားများသည်လည်း မိမိရပ်ရွာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးကြရသည်။ လွတ်မြောက် နယ်မြေများ၊ နယ်စပ်ဒေသများသို့ ရှောင်တိမ်းထွက်ပြေးကြရသည်။ နေရာသစ် ဒေသသစ်တွင် မလုံခြုံမှုအခက်အခဲ၊ စာဝတ်နေရေး အခက်အခဲစသည့် ဒုက္ခမျိုးစုံ ခါးစည်းရင်ဆိုင်ကြရသည်။

စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ညှဉ်းဆဲသတ်ဖြတ်သော်လည်း မြန်မာသတင်းမီဒီယာ သမားတို့သည် စစ်ဖိနပ်အောက် ဒူးထောက်ခြင်းမရှိ၊ ကြောက်ရွံ့နောက်တွန့်ခြင်းမရှိဘဲ အခက်အခဲမျိုးစုံကြားမှနေ၍ သတင်းများ ရေးသားတင်ဆက်နေကြဆဲဖြစ်သည်။

စစ်ကြောရေးတွင် ပြင်းထန်စွာ နှိပ်စက်ခံ၊ ထောင်ချခံ၍ ပြန်လွတ်လာသည့် သတင်းသမားအများစုမှာလည်း စိတ်ဒဏ်ရာတွေ ရရှိနေသည့်တိုင် သတင်းအလုပ်ကိုပင် ပြန်လည် လုပ်ကိုင်ကြသည်။

ဘာကြောင့် မြန်မာသတင်းမီဒီယာသမားတွေ ဖိနှိပ်မှုမျိုးစုံကြားမှ သတင်းတွေ ဆက်ရေးနေကြသနည်း။ အဓိကအကြောင်းအရင်းမှာ ပြည်သူလူထုကို မိမိတို့ကလောင်စွမ်းဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဟူသော ခံယူချက်နှင့် အမှန်တရားကို ချစ်မြတ်နိုးသောစိတ်ဓာတ်ကြောင့်ဖြစ်သည်။

မြန်မာသတင်းသမားတို့သည် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ဖိနှိပ်မှုမျိုးစုံ ကြုံသော်လည်း ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရင်း မကြောက်မရွံ့ နောက်မတွန့်ဘဲ ဆက်လက်ချီတက်နေဆဲဖြစ်သည်။ သတ္တိပြောင်မြောက်သော မြန်မာသတင်းသမားတို့၏ကြိုးပမ်းဆောင်ရွက်မှုသည် ၂၀၂၁ မြန်မာ့နွေဦး တော်လှန်ရေးနှင့်အတူ သမိုင်းဝင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

အယ်ဒီတာ

#အယ်ဒီတာ့အာဘော် #ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ #မြန်မာသတင်းသမားများ #မကြောက်မရွံ့ချီတက် #Ayeyarwaddy_Times