ဧရာဝတီတိုင်းမ်
မေ ၄ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ စကခ (၁၅) ဌာနချုပ်အပြင် ခြေမြန်တပ်ရင်း ခမရ-၅၅၁နှင့် ခမရ- ၅၆၅ တို့ကိုပါ ယမန်နေ့ မေ ၃ရက်နေ့တွင် AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” ဧပြီလထဲက တိုက်နေတဲ့ စကခ-၁၅ ကို တပ်တော်က သိမ်းနိုင်သွားပြီ။ ခမရ-၅၆၅ ထဲကနေ ဥဒဟိုပြေးနေကြတာကတော့ ဧပြီလထဲကပဲ။ စစ်တပ်က ဒုတပ်ရင်းမှူး ဒဏ်ရာ ရနေလို့တောင် တပ်တော်က ကုပေးနေရတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့ကလည်း ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ ခမရ-၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ချုပ်ဇော်ဇော်အောင်ကို ဒဏ်ရာများနှင့်အတူ ဘဒနာကျေးရွာ အနီးတွင် ဖမ်းမိသည့် အတွက် AA က ဆေးကုသမှုပေးထားကြောင်း သိရသည်။

ထိုနေ့ ဧပြီ ၅ ရက်နေ့တွင်ပင် စစ်ကောင်စီ၏ ခမရ-၅၆၄ ကို AA က သိမ်းယူနိုင်ပြီး ဧပြီ ၂၅ ရက်နေ့တွင် တောင်ဘဇာနှင့် ခမရ ၅၅၂တို့ကို သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

“ဘူးသီးတောင်က ခြေမြန်တပ်၊ ခြေလျင်တပ်နဲ့ အမြှောက်တပ်တွေအပြင် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွေပါရှိတော့ အင်အားတောင့်တယ် ထင်ရတယ်။ ဒါပေမယ့် တပ်အင်အားစုဖွဲ့မှုနဲ့ တိုက်ခိုက်ရေးစွမ်းအင်က ထင်သလောက် မရှိဘူး။ တစ်နေရာနဲ့ တစ်နေရာကိုတောင် ထောက်ပို့စစ်ကူမပေးနိုင်ဘူး။ သံတွဲ၊ မောင်တော၊ အမ်း၊ အခု ဘူးသီးတောင်ကို စစ်မျက်နှာပြန့်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဘူးသီးတောင်တွင် စကခ-၁၅၊ ခလရ-၂၃၃၊ ခလရ -၂၃၄၊ ခလရ-၂၃၆၊ ခမရ-၃၄၅၊ ခမရ-၃၅၁၊ ခမရ -၃၅၃၊ ခမရ-၅၃၅ ၊ ခမရ-၅၅၁ ၊ ခမရ-၅၅၂ ၊ ခမရ-၅၆၄၊ ခမရ-၅၆၅နှင့် အမြှောက်တပ် အမတ-၃၆၈တို့ရှိသည်။

လတ်တလောတွင် AA က ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁၅)၊ ခမရ-၅၅၁၊ ခမရ-၅၆၅၊ ခမရ-၅၆၄၊ ခမရ-၅၅၂နှင့် တောင်ဘဇာတို့ကို သိမ်းပိုက်ထားရှိပြီးဖြစ်သည်။

ပုံစာ- အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ
#ဘူးသီးတောင် #စစ်ကောင်စီ #စကခ၁၅ #ခမရ၅၅၁ #ခမရ၅၆၅ #Ayeyarwaddy_Times
Boo