ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ မေ ၂ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အထွက်ရှိ လွိုင်ကော်-ဒီးမော့ဆို ကုန်စည်စီးဆင်းနေသည့် ပန်ကန်းဂိတ် လမ်းပိုင်းကို လုံခြုံရေးအရ ရက်အကန့်သတ်မရှိပိတ်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၁ ရက်နေ့တွင် လွိုင်ကော်မြို့အရေးပေါ်စီမံထိန်းသိမ်းရေးကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကောင်စီသည် အမှတ်(၂) ပန်ကန်းဂိတ်ကို အသုံးပြု၍ လွိုင်ကော်မြို့တွင်းသို့အင်အား ဖြည့်ခြင်း၊ စစ်ကြောင်းဖြင့်လာခြင်းများ ပြုလုပ်နေသည့်အတွက် လုံခြုံရေးအရ အဆိုပါလမ်းပိုင်းကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးအရပိတ်တာပါဗျ၊ စစ်ကောင်စီဘက်က လွိုင်ကော်မြို့ထဲမှာ စစ်ကြောင်းထိုးတာတွေ ပိုလုပ်လာတယ်ပေါ့နော်။ အထူးသဖြင့် လွိုင်ကော်မြို့ရဲ့အထွက်ဘက် စက်မှုဇုံရှိတဲ့ဘက်ကို စစ်ကောင်စီဘက်က အင်အားတွေဖြည့်တာမျိုးတွေ စစ်ကြောင်းနဲ့လာတာမျိုးတွေပြန်လုပ်လာတာမျိုးတွေရှိတယ်။ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ အမြဲတမ်းတိုက်ခိုက်တာမျိုးတွေက လွိုင်ကော်မြို့မှာဖြစ်နေတယ်ပေါ့နော်။ အဲ့တာကြောင့် လုံခြုံရေးအရ မ၀င်ခိုင်းတာ ဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါလမ်းပိုင်းကို အဝင်၊ အထွက် ပိတ်ဆို့ခြင်းနှင့်ပတ်သတ်ပြီး စစ်တပ်ထောက်ခံသူ လော်ဘီများက လွိုင်ကော်မြို့ထဲသို့ ဒေသခံများကို ပေးမဝင်ဟုဆိုကာ သွေးထိုးလှုံဆော်ခြင်းများပြုလုပ်နေပြီး ဒေသခံအချို့ကလည်း ယခုအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိဘဲ မြို့အတွင်းသို့ ဝင်ခွင့်မရခြင်းအပေါ် ကိုလည်း ဝေဖန်ပြောဆိုမှုများ ရှိကြောင်း သိရသည်။

ယခုအခါတွင် လွိုင်ကော်မြို့အတွင်းရှိ အခြေ အနေမှာ တည်ငြိမ်ခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း သိရသည်။

“များသောအားဖြင့် ဒီလိုဝေဖန်တိုက်ခိုက် သွေးထိုးတိုက်ခိုက်တာမျိုးတွေက စစ်ကောင်စီဘက်တော်သား လော်ဘီတွေပဲဖြစ်တယ်ပေါ့နော်။ မြို့ထဲမှာ လက်တဆုတ်စာကျန်နေခဲ့တဲ့လူတွေက စစ်ကောင်စီနဲ့ နီးစပ်တဲ့လူတွေ စစ်ကောင်စီ ဘက်တော်သားတွေလို့တောင် ပြောလို့ရတယ်ပေါ့နော်။ ခိုးဆိုးလုနှိုက်တဲ့ကိစ္စတွေလုပ်တာကလည်း စစ်ကောင်စီနဲ့ နှီးနွယ်တဲ့လူတွေကပဲလုပ်တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ကာကွယ်ပေးမှုနဲ့တချို့ ခိုးဆိုးလုနှိုက်မှုတွေရှိတာဖြစ်ပါတယ်” လွိုင်ကော်မြို့ အခြေအနေနှင့် ပတ်သတ်၍ KNDF တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း လေကြောင်းမှနေ၍ အကြောင်းမဲ့ တိုက် ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများကိုမကြာခဏ လုပ်ဆောင်လျက်ရှိ​သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ညပိုင်းက လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ခြောက် ဦးသေဆုံးခဲ့ကြောင်း KnHRG ထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်
#လွိုင်ကော် #ဒီးမော့ဆို #လမ်းပိတ် #စစ်ကောင်စီအင်အားဖြည့် #Ayeyarwaddy_Times