
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၃ ရက်
အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိသည့် ဇိုခေါသာရ်-ရိဒ် ချစ်ကြည်ရေးတံတားကို အကန့်အသတ်မရှိ လုံးဝ ပိတ်သိမ်းတော့မည်ဟု အိန္ဒိယနိုင်ငံအစိုးရက ပြောကြားခဲ့မှုအပေါ် ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဧပြီလတွင်းက အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြောင့် ဧပြီလ ၁၉ ရက်နေ့မှစတင်၍ အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားခဲ့ပြီး နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွား လာခွင့်ကို မေလ ၁ ရက်နေ့မှစတင်၍ လုံးဝ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံက ထိုသို့ ပြောဆိုထားသော်လည်း အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ် ဇိုခေါသာရ်-ရိဒ် ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်၍ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို ယခင် ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုခဲ့သည်။
“တံတားကို ယခင်ကအတိုင်း အကန့်သတ်မရှိ ဖြတ်သန်းခွင့်ကို အိန္ဒိယဘက်ကနေ ပြန်လည် ခွင့်ပြုပေးထားပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေး ယူထားတဲ့ အာသံရိုင်ဖယ် တပ်တွေလည်း ပြန်ပြီး ရုပ်သိမ်းလိုက်ပြီ။ လောလောဆယ် တော့ နှစ်နိုင်ငံ ပြည်သူတွေ ကန့်သတ်မှု မရှိ သွားလာခွင့်ရပါတယ်” ဟု ရိဒ်ခေါဒါရ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အိန္ဒိယက အမှတ် (၂) နယ်စပ် ဇိုခေါသာရ်-ရိဒ် ချစ်ကြည်ရေးတံတားမှနေ၍ နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို အကန့်အသတ်မရှိ ပြန်လည် ခွင့်ပြု ထားသော်လည်း ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အရေးပေါ် လူမှုရေးကိစ္စများ ကြောင့် ထိုသို့ ခွင့်ပြုထားခြင်းအား ပြန်လည်ရုပ်သိမ်းသွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။
“ကျွန်တော်တို့က ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး မီဇိုရမ် ဘက်ကိုဘဲ အဓိက အားထားနေရတာလေ။ အဲ့လို နှစ်နိုင်ငံ ဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားမယ်ဆို ကလေးတွေအတွက် ပညာရေးထိခိုက်မယ်။ ကျန်မာရေး၊ လူမှုရေး ကိစ္စတွေအတွက်လည်း အခက်ခဲတွေ့မယ်။ အခုပြန်ဖွင့်ပေးပေမယ့် ဘယ်နေ့ပြန်ပိတ်မလဲ ဆိုတာ မသိရသေးဘူး။ ပြန်ပိတ်သွားမှာကို စိုးရိမ်နေရတယ်”ဟု ရိဒ်ခေါဒါရ်မြို့ ဒေသခံက ဆက်လက်ပြောကြားသည်။
အိန္ဒိယနိုင်ငံသည် အိန္ဒိယ-မြန်မာနယ်စပ် တံတားကို ပြန်လည် ဖွင့်ပေးပြီးနောက် နှစ်နိုင်ငံရှိ ပြည်သူများသည် ယခင်ပုံမှန်အတိုင်း အဝင်အထွက်ဖြင့် စည်းကားနေပြီး လုံခြုံရေးအရ နယ်စပ်တစ်လျှောက်တွင် တာဝန်ယူထားသည့် အာသံ ရိုင်ဖယ်တပ်ကိုလည်း ပြန်လည် ရုပ်သိမ်းထားပြီးဖြစ်ကြောင်း သိရသည်။
ပုံစာ-အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဇိုခေါသာရ်-ရိဒ် ချစ်ကြည်ရေးတံတားအား ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် မြန်မာဘက်အခြမ်းမှ တွေ့ရစဉ်
#အိန္ဒိယမြန်မာ #နယ်စပ်ဖြတ်ကျော်ဝင်ထွက်ခွင့် #ပိတ်သိမ်း #ပြန်လည်ရုတ်သိမ်း #Ayeyarwaddy_Times