
ဧရာဝတီတိုင်းမ်
မေ ၃ ရက်
ဟားမာစ်အဖွဲ့ခေါင်းဆောင်က ဂါဇာ အပစ်အခတ်ရပ်စဲရေးကို အပြုသဘောဆောင်သောစိတ်ဖြင့် လေ့လာလျက်ရှိတယ်လို့ အဆိုပါ အစ္စာလာမ္မစ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။
ဟားမာစ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာက အီဂျစ်ထောက်လှမ်းရေး အကြီးအကဲနဲ့ ဖုန်းဖြင့် ဆွေးနွေးနေပုံကို ဟားမာစ်အဖွဲ့က ကြာသပတေးနေ့မှာ လူမှုကွန်ရက်မှာ ထုတ်ပြန်ချက်တစ်ရပ် ထုတ် ပြန်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ဟားမာစ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ကျန်ရှိသော ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အီဂျစ်နိုင်ငံက အကျိုးဆောင်ပေးနေပါတယ်။
စေ့စပ်ညှိနှိုင်းမှုတွေ တတ်နိုင်သမျှ အပြီးသတ်ဖို့ ဟားမာစ်ကိုယ်စားလှယ်အဖွဲ့က ဖြစ်နိုင်သမျှ စောပြီး အီဂျစ်နိုင်ငံသို့ သွားရောက်ဖို့ ဟာနီယာက ကတိပြုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဟားမာစ်ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ရက်အတွင်း ကိုင်ရိုမြို့တော်သို့ ရောက်ရှိမယ်လို့ အီဂျစ်သ တင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အရှေ့အလယ်ပိုင်းဒေသရှိ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
စေ့စပ်ညှိနှိုင်းမှုကံကြမ္မာက ယခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိပေ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ရာဖာဒေသမှာ မြေပြင်ထိုးစစ်ဆင်မှု ဆက်လုပ်မယ့်ပုံပေါ်ပါတယ်။
ဂါဇာကမ်းမြောင်ရှိ အခြားဒေသတွေမှ ထွက်ပြေးလာသူတွေ အပါအဝင် ရာဖာမြို့တော်ဟာ လက်ရှိမှာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကို လက်ခံထားရပါတယ်။
အစ္စရေးစစ်တပ်ဟာ ကြာသပတေးနေ့က ဂါဇာကို လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်ခဲ့ရာ ဒါ ဇင်နဲ့ချီတဲ့ပြည်သူတွေ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
အောက်တိုဘာလ ၇ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေး-ဟားမာစ် ပဋိပက္ခနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၃၄၅၉၆ ဉီး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Hamas: Leader studying ceasefire proposal in ‘positive spirit’
#Ayeyarwaddy_Times