နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလုပ်သမားများ၏ လူမှုစီးပွားဘဝ လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနေပြီး အလုပ်သမားများသည် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဟု ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ အလုပ်သမားများ၏ အခွင့်အရေးများသည် ယခင်ကထက် ပိုမိုထိခိုက်နစ်နာ ဆုံးရှူံး နေရကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၎င်းတို့ တပ်သားအင်အား အရေးပေါ် လိုအပ်ချက်အရ အသက်သွင်း ပုံဖော်လိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် အလုပ်သမားများသည် လွတ်မြောက်မည်ဟု ထင်မြင်ယူဆသော နေရာများအပြင် ပြည်ပနိုင်ငံသို့ ထွက်ခွာမှုများ များပြားလာကြောင်း စီးပွားရေး လုပ်ငန်းရှင်နှင့် အလုပ် သမားများထံက သိရသည်။

“အရင်က အပြင်ထွက်ဖို့ မစဉ်းစားတဲ့သူတွေတောင် စစ်မှုထမ်းဥပဒေကြောင့် အပြင်ထွက်ဖို့ စဉ်းစားနေကြတယ်။ ကုမ္ပဏီဝန်ထမ်းဘ၀နဲ့ လစာပုံမှန်ရနေပေမယ့် အဲဒါကြောင့်မို့ နိုင်ငံခြားထွက်ဖို့ လုပ်ကြတယ်။ အလုပ်ထွက်ရတယ်။ ပိုင်ဆိုင်တာတွေ ရောင်းချပြီး ဒူဘိုင်းသွားဖို့ပြင်နေတဲ့သူတွေရှိတယ်။ ဟိုရောက်မှ အလုပ်ရှာရမယ် ပြောတယ်။ လေလောဆယ်တော့ နေဖို့စားဖို့ ဒီကနေ ရှာသွားရတာပေါ့” ဟု ရန်ကုန်ရှိ နာမည်ကြီးကုမ္ပဏီတစ်ခုမှ အမျိုးသမီး ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်ကမူ အလုပ်သမားများသည် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်ပြီး ယင်းတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက် မှုများကို ပိုမိုခံစား ရရှိစေနိုင်ရန် အပါအဝင် စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုများသာမက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍများတွင်ပါ တစ်ပြိုင်တည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ယခုနှစ် မေလ ၁ ရက်နေ့က ကျရောက်သည့် အလုပ်သမားနေ့ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် အလုပ်သမားများအတွက် အလုပ်သမားဆေးရုံကြီး သုံး ရုံ၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀ ၊ တိုင်းရင်းဆေးခန်း တစ် ခန်း၊ ပုဂ္ဂလိက ဆေးရုံဆေးခန်း ၆၄ ခန်း၊ ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ဆိုထားသော်လည်း စစ်အာဏာ သိမ်းမှုကြောင့် ပြည်တွင်း၌ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အလုပ်သမားများအပေါ် မတရားမှုများသည် ယခင်ကထက် ပိုမိုမြင့်တက်လျက် ရှိနေသည်။

ထို့ပြင် စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပထွက်လိုသော လူငယ်များ၊ အထူးသဖြင့် အမျိုးသား အလုပ်သမားများ၏ ပြည်ပထွက် အလုပ်လုပ်ပိုင်ခွင့်ကိုလည်း မေ ၁ ရက်မှစတင်၍ တားမြစ်ပိတ်ပင်လိုက်ကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် (၂)အတွက် လူစာရင်းများကို ဧပြီ ၂၅ ရက်မှစတင်၍ စာရင်းကောက်ယူမည်ဟု ညွှန်ကြားပြောဆိုခဲ့သော်လည်း လက်ရှိတွင်မူ ၎င်းတို့ လက်အောက်ခံများက ဧပြီ ၁၉ ရက်တွင် စာရင်းကောက်ယူနေကြောင်း သိရသည်။

“ရွာမှာ အရင်ကတည်းက လူမရှိတော့တာ။ ပြည်သူ့စစ် ဝင်ရမယ်ဆိုတော့ အရွယ်ရှိသူတွေ နိုင်ငံခြားထွက်ကုန်တယ်။ အခုဆိုကျတော့တစ်မျိုး စစ်မှုထမ်းဥပဒေ ထွက်လာတော့ ကျန်နေတဲ့သူတွေတောင် အကုန်ထွက်ကုန်ပြီ။ ထိုင်းတို့၊ မလေးတို့သွားကြတာပဲ” ဟု ပဲခူတိုင်း ဇေယျဝတီမြို့ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် လုပ်ငန်းခွင်ရှိ လူငယ်အများစုသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထွက်ရှိလာပြီးနောက် အထူးသဖြင့် သင်္ကြန်ပိတ်ရက်နှင့် ကြုံခိုက်ချိန်တွင် လုပ်ငန်းခွင်မှ နေအိမ်ပြန်ကြရာမှ လူငယ်တချို့သည် ပြန်လည်ရောက်လာခြင်းမရှိတော့ကြောင်း ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲဒီထဲကနေမှ တချို့လည်း ပြန်လာတယ်။ တချို့ကတော့ ပြန်မလာတော့ဘူး။ အဲဒီတော့ ပြောရရင် သုံးပုံတစ်ပုံလောက် လျော့သွားတယ်။ အဲဒီကလေးတွေကလည်း နိုင်ငံခြားထွက်ဖို့ လုပ်ကြတယ်။ တချို့က မထွက်နိုင်တော့ လွတ်မြောက်မယ်ထင်မိတဲ့ ဖားကန့်လို၊ မိုင်းလားလို နေရာမျိုးတွေ အဲ့ဒီလိုဘက်တွေကို ထွက်သွားကြတာပေါ့” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ ထွက်ရှိရန်ကိုပင် မစောင့်တော့ဘဲ ၎င်းတို့၏ အခြေခံအကျဆုံး ယန္တရားဖြစ်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများဖြင့် အကောင်အထည်ဖော်ခဲ့ရာ နှစ်လအတွင်း လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို ပထမအသုတ်အဖြစ် စုဆောင်းနိုင်ခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)၏ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#စစ်ခေါင်းဆောင် #အလုပ်သမားများ #နိုင်ငံတော် #အဓိကကုန်ထုတ်စွမ်းအားစု #စစ်မှုထမ်းဥပဒေ #ပြည်ပထွက်မှု #ပိတ်ပင် #Ayeyarwaddy_Times