ဧရာဝတီတိုင်းမ်
မေ ၃ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် လက်နက်မချဘဲကျန်ရှိနေသည့် စစ်ကောင်စီ၏ အမှတ်(၁) နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ခဲ့ပြီး မောင်တောမြို့ကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

မောင်တောမြို့ရှိ အမှတ်(၁) နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ကို ယမန်နေ့ မေ ၂ရက်နေ့ နံနက် ၄ နာရီခန့်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် လက်နက်ချအညံ့ခံခဲ့ကြပြီး တချို့မှာ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးသွားကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” တပ်တော်က ကျီးကန်းပြင်စခန်းကို လွန်ခဲ့တဲ့ ၃ ရက်နေ့တည်းက ပိတ်ဆို့ပြီး ဒရုန်းဗုံး တွေနဲ့ပါ သုံးလာတာ။ မနေ့က မနက်ပိုင်းကျတော့ စစ်သား ၅၀ လောက် လက်နက်နဲ့ အညံ့ခံတယ်။ ကျန်တဲ့သူတွေက ဘင်္ဂလားဘက်ပြေးကြတယ်” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းကိုပြောသည်။

စစ်ကောင်စီသည် မောင်တောမြို့တိုက်ပွဲတွင် လေယာဉ်ပစ်ကူ၊ မြေပြင်ထောက်ပို့နှင့် ရေတပ်မှ အင်အားပို့ လက်နက်ကြီးပစ်ကူများသုံးခဲ့သည့်အပြင် စစ်တွေမြို့ မှနေ၍ လက်နက်ကြီးများဖြင့်တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁ ရက်နေ့ကလည်း မောင်တောရှိ စစ်ကောင်စီ၏ မိုက်ခရိုတောင်စခန်းခေါ် MRTV တာဝါတိုင်စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်တပ်ထိုင်နေသည့် စေတီတောင်စခန်းတို့ကို AA က သိမ်းပိုက်ရရှိခဲ့သည်။

“မေယုတောင်ကြောပေါ်က စခန်းနှစ်ခုလုံး တနေ့က အကုန်သိမ်းတာ။ စစ်လေယာဉ် ကလည်းတောက် လျှောက်လာပစ်တယ်။ အမ်းတို့ တောင်ကုတ်တို့ မင်းပြားတို့ကိုပါ ပစ်သွားတယ်” ဟု မောင်တောဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မောင်တောနယ်ခြားစောင့်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်အတွင်းတစ်ကြိမ်၊ မတ် ၁၃ ရက်တွင် တစ်ကြိမ်၊ ယခု ဧပြီ ၂ရက်နေ့တွင်တစ်ကြိမ် သုံးကြိမ်တိုင် နယ်စပ် ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီနှင့်ညှိနှိုင်းကာ ထွက်ပြေးလာသူ များကို နှစ်ကြိမ်တိုင် ပြန်ပို့ခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီသည် ထိုသို့ ပြန်ပို့ခံရသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို လက်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် သံတွဲ ၊ ဘူးသီးတောင် နှင့် မောင်တော တိုက်ပွဲများသို့ အတင်းအကျပ် ပြန်လည်စေလွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် AA က စစ်ကောင်စီ၏ ဘူးသီးတောင်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် စကခ ၁၅နှင့် အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခတို့ကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#မောင်တော #စစ်ကောင်စီ #ကျီးကန်းပြင် #AA #သိမ်းပိုက် #စစ်ကောင်စီ၅၀လက်နက်ချ #ထွက်ပြေး #Ayeyarwaddy _Times