ဧရာဝတီတိုင်းမ်
မေ ၃ ရက်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကဦးဆောင်၍ အသက် ၁၈ နှစ်ပြည့်သည့် အမျိုးသမီးများ အထည်ချုပ် လုပ်ငန်းတွင် အလုပ်ရမည်ဟုဆိုကာ စစ်မှုထမ်းရန် လိမ်လည်ခေါ်ယူနေကြောင်း ဒဂုံ ဆိပ်ကမ်းမြို့ခံများထံက သိရသည်။

အသက် ၁၈ နှစ်ပြည့်သူ အမျိုးသမီးများကို အထည်ချုပ်ကုမ္ပဏီတစ်ခုတွင် အလုပ် ပေးမည်ဟုဆိုကာ အသံချဲ့စက်ဖြင့် လိုက်လံကြေညာပြီး အထောက်အထားအနေဖြင့် မှတ်ပုံတင်များကိုပါ တောင်းယူကြောင်း ဒေသခံများကဆိုသည်။

“ရပ်ကွက်ထဲမှာ အသံချဲ့စက်နဲ့ လိုက်အော်နေကြတာ။ မှတ်ပုံတင်တစ်ခုပဲ အထောက် အထားအနေနဲ့တောင်းတယ်။ အသက်ပြည့်သူဖြစ်ရမယ်ပေါ့။ ရပ်ကွက်ထဲက အချို့ အမျိုးသမီးတွေကို နုံတယ်ထင်နေကြတယ်။ ဒါတွေကိုဦးဆောင်လုပ်နေကြတာက ရပ်ကွက်ရာအိမ်မှူးတွေအဖွဲ့ပါ။ သူတို့က ညာခေါ်နေကြတာ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ အထည်ချုပ်လုပ်ငန်း၏ လစာမှာ အနည်းဆုံး ငွေကျပ် ၃,၅၀၀၀၀ မှ ၄,၀၀၀၀၀ (သုံးသိန်းခွဲမှလေးသိန်း) အထိရရှိမည်ဟု အသံချဲ့စက်ဖြင် လိုက်လံ ကြေညာ နေသော်လည်း စစ်မှုထမ်းရန်အတွက်သာ လိမ်လည်ခေါ်ယူနေကြခြင်းဖြစ် သည်ဟု (၆၉) ရပ်ကွက်ရှိ ဒေသခံများက ပြောကြားသည်။

အထည်ချုပ်တွင် အလုပ်လုပ်ကိုင်ရန်အတွက် ခေါ်ယူနေကြသူများမှာ ဒဂုံဆိပ်ကမ်း (၆၉) ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သားအဖနှင့် အခြားသောရာအိမ်မှူးများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေပြီး တိတ်တဆိတ်စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများလည်း ရှိနေကြောင်း (၆၉) ရပ်ကွက်ရှိဒေသခံများက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် စစ်မှုထမ်း အပတ်စဥ် (၁) ပထမသုတ်တွင်လည်း ရန်ကုန်မြို့တွင် စစ်တပ်ထောက်ခံပြီးယုံကြည်စိတ်ချရသည့် ကြံ့ခိုင်ရေးပါတီဝင် လူငယ်များကို စစ်မှုထမ်းစာရင်းကောက်ယူ၍ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် များသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

မြန်မာပြည်ဒေသအနှံ့အပြားတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများ၊ ငွေကြေးပြည့်စုံသည့် လူငယ်များကို စစ်မှုထမ်းဆောင်ရန် ချန်လှပ်ထားခဲ့ပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ ပစ်မှတ်ထားခံရသည့် ဒေသများအဖြစ် ပထမအသုတ်၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် လူဦးရေ အများဆုံး စုဆောင်းခံရပြီး မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ကချင်၊ မွန်၊ ရခိုင်၊ မကွေး၊ ဧရာဝတီတိုင်းအတွင်းက လူငယ်ပေါင်း ၂၂၀ ဦးထက်မနည်းသည် အတင်းအဓမ္မ တပ်သားသစ်များအဖြစ် စုဆောင်းခံရခြင်း (သို့မဟုတ်) ပေါ်တာဆွဲခံခဲ့ရကြောင်းကို BACS ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီလက်အောင်တွင် စစ်မှုထမ်းနေသည့် စစ်သည်ရဲမေများတွေ့စုံစဥ် (ပုံဟောင်း)

#ဒဂုံဆိပ်ကမ်း #အထည်ချုပ် #လုပ်ငန်းလုပ်ကိုင်ရန် #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #အသံချဲ့စက် #လိုက်လံကြေညာ #အမျိုးသမီးများ #စစ်မှုထမ်းရန်လိမ်လည်ခေါ်ယူ #Ayeyarwaddy_Times