ဧရာဝတီတိုင်းမ်
မေ ၃ ရက်

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လူငယ်လူရွယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်လျက်ရှိရာ စစ်ကောင်စီသည် ယခု မေလမှ စတင်၍ အမျိုးသားများကို Demand Letter ( အလုပ်ခေါ်စာ) ဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်ခွင့်ရပ်ဆိုင်းလိုက်ကြောင်း ပြည်ပအလုပ်သမားအေဂျင်စီများထံက စုံစမ်းသိရသည်။

စစ်ကောင်စီက အတည်ပြုလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်အများအပြား နိုင်ငံခြားထွက်ခွာမှုများပြားချိန်တွင် စစ်ကောင်စီက တရားဝင်အလုပ်လုပ်သွားလာခွင့်လမ်းကြောင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

” ကျွန်တော်တို့ အေဂျင်စီကို အဲဒီလိုပိတ်ရမယ်လို့ တရားဝင်စာရောက်လာတာတော့မရှိသေးဘူး။ အဲဒီ အစည်းအဝေးမှာ အမျိုးသားတွေအပြင်ထွက်ခွင့်ပိတ်ဖို့ပြောတယ်လို့သိရတယ်။ ကျွန်တော်တို့လည်း အစည်းဝေးမတက်လို့မသိလိုက်ဘူး။ အဲဒီလိုတော့ကြားတယ် ” ဟု နာမည်ရအေဂျင်စီတစ်ခုမှ တာဝန်ရှီသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခု မေလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံကူးလက်မှတ် Passport For Job အမျိုးအစားကိုင်ဆောင်ပြီး ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်လုပ် ကိုင်မည့်သူများ လျှောက်ထားသော အလုပ်ခေါ်စာ (Demand Letter) တင်ပို့ခွင့်ပိတ်လိုက်ကြောင်း သိရသည်။

” အမျိုးသားတွေ ပိတ်မယ်လို့ကြားတယ်။ အလုပ်နဲ့သွားတဲ့ သူတွေကိုပိတ်တာပါ။ Demand letter ပိတ်တယ်ဆိုတော့ PJ နဲ့ မသွားဘဲ PV နဲ့သွားလို့ရတာပဲ ” ဟု ပြည်ပအလုပ် အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။

ထို့သို့ အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ပိတ်ပင်မှုတွင် အစိုးရအချင်းချင်း (G to G) စနစ်ဖြင့်သွားရောက်သူနှင့် Demand Letter ကျရှိပြီးသူများမပါဝင်ကြောင်းသိရသည်။

လက်ရှိတွင် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ကုန်ကျစရိတ်ကြီးမြင့်စွာ‌ပေးဆောင်ရကာ တရားမဝင်နည်းလမ်းဖြင့်သွားရောက်သူများနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါ ရီလပိုင်းကတည်းက ပြည်ပထွက်ခွာခွင့်နှင့် အလုပ်ခေါ်စာ ( Demand Letter ) ကို ပိတ်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း စစ်ကောင်စီက ငြင်းဆိုခဲ့သည်။

စစ်ကောင်စီက ထိုသို့ ငြင်းဆိုခဲ့ပြီး နှစ်လ အကြာတွင် အမျိုးသားများအတွက် အလုပ်ခေါ်စာပိတ်ကြောင်း ညွှန်ကြားလာခြင်း ဖြစ်သည်။

ယင်းပြင် စစ်မှုထမ်းဥပဒေကြောင့် အချို့ အလုပ်သမား အေဂျင်စီများသည် Demand Letter နှင့်ပတ်သက်၍ အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင် ခတောင်းခံခြင်း၊ အလုပ်သမားများ အချိန်မီပြည်ပထွက်ခွင့်မရခြင်းများ ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင်အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို အလုပ်သမား ဦးစီးဌာနထံတင်ပြပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနကဆိုထား သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#အမျိုးသားများအလုပ်လုပ်ခွင့်မရ #demandletter #လျှောက်မရ #အလုပ်အကိုင် #စစ်မှူထမ်းဥပဒေ
#Ayeyarwaddy_Times