
ဧရာဝတီတိုင်းမ်
မေ ၂ ရက်
ထိုင်းဘုရင်က အငြိမ်းစား သံတမန် Maris Sangiampongsa ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ထောက်ခံလိုက်တယ်လို့ တော်ဝင်ပြန်တမ်းက မေလ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် Srettha Thavisin က အသက် ၆၆ နှစ်အရွယ် Maris Sangiampongsa ကို တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီးအဖြစ် နှုတ်ထွက်ခဲ့တဲ့ Panpree Bahiddha-Nukara ရဲ့နေရာအစား ထိုးဖို့ အဆိုပြုခဲ့တာပါ။
Maris ဟာ ဝါရင့် သံတမန်တစ်ဦးဖြစ်ပြီး Panpree Bahiddha-Nukara ရဲ့ အကြံပေးအဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့ပါတယ်။ Maris ဟာ သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်ခဲ့ချိန်က အစိုးရအိမ်တော်မှာ တာဝန်ထမ်းဆောင်ပြီး ရှင်နာဝပ်ထရာမိသားစုနဲ့ နီးကပ်သော ဆက်ဆံရေးတစ်ရပ် ရှိခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးတစ်ဉီးအဖြစ် ဆယ်စုနှစ်ချီကြာ တာဝန်ထမ်းဆောင်ခဲ့ လို့ ရာထူးသစ်က စိန်ခေါ်မှုတွေကို စိုးရိမ်မှုမရှိဘူးလို့ Maris က အစိုးရအိမ်တော်မှာ ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့တွေကြား ပြည် တွင်းစစ် ဖြစ်ပွားလျက်ရှိရာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိုင်းနိုင်ငံက သံတမန်ကြိုးပမ်းမှုတွေ အရှိန်မြှင့်နေတဲ့ အရေးကြီးတဲ့အချိန်မှာ Maris ကို နိုင်ငံခြားရေးဝန်ကြီးသစ်အ ဖြစ် ခန့်အပ်တာပါ။
စစ်မက်ဖြစ်ပွားနေသော အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရည်ရွယ် ကာ ထိုင်းအစိုးရဟာ မတ်လအတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု စတင်ခဲ့ပါ တယ်။
အာဏာသိမ်းမှုနောက်ပိုင်း ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ် မအောင်မြင်တာကြောင့် မြန်မာ့ အရေး အဖြေရှာရာမှာ ပိုမို တက်ကြွစွာပါဝင်ဖို့ ထိုင်းနိုင်ငံက အာဆီယံအဖွဲ့ကို တွန်းအားပေးနေပါတယ်။
အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ မြန်မာစစ်ကောင်စီရဲ့ ငြင်းဆန်မှုကို အရေးပါသော အာဆီ ယံအဖွဲ့ဝင် နိုင်ငံများစွာက စိတ်ပျက်နေကြပါတယ်။
“ထိုင်းနိုင်ငံက မြန်မာ့အရေးမှာ ကြားဝင်ဖျန်ဖြေသူတစ်ဉီးအဖြစ် ဆောင်ရွက်လိုပါတယ်” လို့ ချူ လာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံရေးသုံးသပ်လေ့လာသူ သစ်တီနန်ပေါင်ဆတ်ဒီရတ်ခ်က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Maris confirmed as foreign minister
#Ayeyarwaddy_Times