
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
မေ ၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကျပ်သိန်း သုံးထောင်နီးပါး ဆုံးရှုံးလိုက်ရပြီး ဆေးရုံတစ်ခုလုံး ပျက်စီးသွားကာ ဆေးရုံအသစ် ပြန်လည် တည်ဆောက်ရန်အတွက် အရေးပေါ် အကူညီများလိုအပ်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရှိရသည်။
ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံ တစ်ခုလုံး ပျက်စီးသွားပြီး အရပ်သား ငါးဦး သေဆုံးခဲ့သည့်အပြင် အရပ်သားအများပြား ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပြန်လည်ထူထောင်ရန်နှင့် ဆေးကုသမှု ပြန်လည်လည်ပတ်ရန်အတွက် အကူအညီလိုအပ်နေခြင်းဖြစ်သည်။
“အဲ့ဒီ လေကြောင်းတိုက်ခိုက်မှာ အရပ်သား ငါးဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေက ကိုယ်နည်း ကိုယ်ဟန်နဲ့ဘဲ ပြန်ကြသွားပြီးတော့ လောလောဆယ် လူနာ ၁၂ ဦးကို နေရာခွဲထားပြီး ဆေးကုသပေးနေပါတယ်။ ဆေးရုံ ပျက်စီးမှုတော့ ဆေးရုံအဆောက်အဦး၊ ကုတင်၊ မပါသေးဘဲ ဆေးရုံအောက်ဘက် သိုလှောင်ရုံထဲက ဆေးဝါး၊ စတားလင့်၊ ဒီဇယ်၊ ဓာတ်ဆီ၊ ကား၊ ဆိုင်ကယ်နဲ့ ဆေးရုံရဲ့ ရံပုံငွေတွေ ပေါင်းလိုက်ရင် သိန်း သုံးထောင်နီးပါး ပျက်စီးဆုံးရှုံးသွားတယ်။”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ် တောင်ပိုင်း၊မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ မြို့နယ် (၁၃) မြို့နယ်ရှိ ပြည်သူများ၏ ကျန်းမာရေးကို အဓိက ဆေးကုသနေသည့် ဆေးရုံဖြစ်ကြောင်းနှင့် ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုသည် ပြည်သူများအတွက် ကြီးမားသည့် ဆုံးရှုံးနစ်နာမူဖြစ်ကြောင်း သိရှိရသည်။
“ဝမ္မသူးဆေးရုံက အရမ်းအရေးပါတာပေါ့နော်။ မြို့နယ် (၁၃)မြို့နယ်လောက်က ပြည်သူတွေအကုန်လုံးကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အစာအိမ်ဖြစ်တာဖြစ်ဖြစ်၊ ကလေးမွေးဖွားတာဖြစ်ဖြစ်၊ ကူးစက်ရောဂါဖြစ်ဖြစ် ဘယ်ရောဂါဖြစ်ဖြစ် လုံလုံခြုံခြုံကုသရတာ ဒီဆေးရုံဘဲရှိတာ။ ဒီမှာ ဆေးကုသတဲ့ လူနာတွေ အားလုံးနီးပါး အခမဲ့ပါဘဲ။ လိုအပ်ရင် လိုအပ်သလို ကြိုပို့လုပ်ပေးတဲ့အဆင့်ထိ လုပ်ပေးတယ်။ ဒါကြောင့် ပြည်သူတွေ ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုလို့လည်း ပြောရတယ်။”ဟု ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ဆက်ပြောသည်။
စစ်ကောင်စီ၏ ဝမ္မသူးလေကြောင်း တိုက်ခိုက်မှုသည် ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ပြည်သူများကို ဒုက္ခရောက်စေရန်နှင့် ထိခိုက်စေရန် ရည်ရွယ်၍ လေကြောင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
ဝမ္မသူးဆေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု ပြန်လည်စတင်နိုင်ရန်အတွက် လိုအပ်သည့် အလှူငွေများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒေါက်တာအေးငြိမ်းသူနှင့် ဆလိုင်းယောမာန်ထံလည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
#မင်းတပ်မြို့နယ် #ဝမ္မသူးဆေးရုံ #လေကြောင်းတိုက်ခိုက်ခံရ #ကျပ်သိန်း #သုံးထောင်ဆုံးရှုံးပြီး #ဆေးရုံတစ်ခုလုံးပျက်စီး #Ayeyarwaddy_Times