
ဧရာဝတီတိုင်းမ်
မေ ၂ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သောအဖွဲ့သည် ထိုင်းလေချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံ ဆွေးနွေးရန်ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ထိုင်းလေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးသွားရောက်ရန် ဧပြီ ၃၀ ရက် ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက် မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စစ်ကောင်စီပိုင် မီဒီယာများတွင် ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့်အနီးတဝိုက်တွင် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
စစ်ကောင်စီက ထိုသို့ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီလေယာဉ်များ ထိုင်းလေ ပိုက်နက်အတွင်းသို့ ကျူးကျော် ပျံသန်းခွင့်ပြုမည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် စစ်ကောင်စီသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အရေးပေါ် ကယ်ဆယ်ရေးလေယာဉ် ထိုင်းနိုင်ငံကို ခွင့်ပြုချက် တောင်းခံခဲ့ရာတွင် ထိုင်းနိုင်ငံက သုံးကြိမ်တိုင် ဆင်းသက် ခွင့်ပြုခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က ပထမ လေယာဉ်တစ်စင်း သာစေလွှတ်၍ ထပ်မံစေလွှတ်ခဲ့ခြင်းမရှိပေ။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ – ထိုင်းလေချုပ်နှင့် တွေ့ဆုံရန် သွားရောက်သော စစ်ကောင်စီ လေချုပ်
#ထိုင်းလေတပ်ဦးစီးချုပ် #ဖိတ်ကြား #စစ်ကောင်စီလေချုပ် #ထိုင်းနိုင်ငံ #Ayeyarwaddy_Times