ဧရာ၀တီတိုင်းမ်
မေ ၂ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လေပြင်းတိုက်ခတ် တိုက်ခတ်၍ နေအိမ်များပြိုကျပျက်စီးပြီး အသက် (၁၂) နှစ် အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အပူချိန်မြင့်တက်နေသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့ မေ ၁ ရက်နေ့ နေ့လယ်ပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ မြို့ပေါ်ရှိ နေအိမ်အချို့ပြိုကျ ၍ အိမ်ခြေ ၄၀ ခန့်ပျက်စီးခဲ့ပြီး သွပ်ပြားလွင့်ပျံ၍ ထိခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ရှိလူမှုကူညီရေးအသင်းထံက သိရသည်။

“လေပြင်းကျလာပြီးတော့ အိမ်ငယ်လေးတွေကျတာ့ ပြိုကျကုန်တာပေါ့။ မြို့ပေါ်က အိမ်ကြီးတွေတောင် အချို့ပျက်စီးကုန်တယ်။ သစ်ပင်ကြီးတွေလည်း လမ်းပေါ် လဲကျကုန်တာ။ သွပ်ပြားတွေလန်တဲ့အိမ်ကလန်၊ လွင့်တဲ့အိမ်ကလွင့်ကုန်တယ်။ အဲဒီထဲမှ သွပ်ပြားလွင့်ပြီး ခေါင်းထိလို့ ကလေးတစ်ယောက်သေတယ်”ဟု မုံရွာမြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လေပြင်းတိုက်ခတ်သဖြင့် သွပ်ပြားထိမှန်၍ သေဆုံးသူ အသက် (၁၂) နှစ်အရွယ် ကလေးငယ်မှာ မုံရွာမြို့ ထန်းတောမြဇီးခြံ ၁၉ လမ်းတွင် နေထိုင်သူဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်စဉ်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မုံရွာမြို့တစ်ဖက်ကမ်းရှိ ဆားလင်းကြီးမြို့ နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေး ရှောင်တဲများလည်း ပြိုကျပျက်စီးမှုရှိခဲ့ကြောင်း သိရ သည်။

ထို့အပြင် ဒီပဲယင်းမြို့နယ်တွင်လည်း ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကြမှုကြောင့် ကိုင်းကံကျေးရွာရှိ ဘုရားထီးတော်အပါအ၀င် ဘုန်းကြီးကျောင်းနှင့် ရွာလုံးကျွတ်နီးပါး နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အပူချိန်မြင့်တက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်သည့် စိုက်ဆင်းလေပြင်းများ တိုက်ခတ်နိုင်သဖြင့် လေပြင်းတိုက်ခတ်မှုအန္တရာယ်နှင့် မိုးသီးကြွေကျခြင်းများကို အထူးသတိပြုကြရန် မိုးလေဝသလေ့ လာ သုံးသပ်သူများက အသိပေးထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- မုံရွာမြို့ပေါ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်
#စစ်ကိုင်း #မုံရွာ #လေပြင်း #တိုက်ခတ် #နေအိမ် #ပျက်စီး #ကလေးငယ် #သေဆုံး
#Ayeyarwaddy_Times