ဧရာဝတီတိုင်းမ်
မေ ၂ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့က အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမီးလောင်ခဲ့ရာ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်သည်ဟုဆိုကာ ရပ်ကွက်ရုံးအနီးနေထိုင်သူ လူငယ် ငါး ဦးထက်မနည်းကို ဧပြီ ၃၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ် ရဲတပ်ဖွဲ့သည် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်စဉ်အပေါ် လာရောက်စစ်ဆေးရာတွင် ရပ်ကွက်ရုံးအနီးရှိ နေထိုင် လူငယ်များကို ခေါ်ယူမေးမြန်းမှုများပြုလုပ်ပြီးနောက် လူငယ် ငါး ဦးထက်မနည်းကို ဖမ်းဆီခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရပ်ကွက်ဒေသခံလူငယ်များထံက သိရသည်။

“ရုံးမီးလောင်တာသိလို့ဆိုပြီးတော့ (၉၀၅) ကတပ်ရင်းမှူးကော၊ မြို့နယ်ရဲစခန်းမှူးကော အကုန်ရောက်လာတာ။ ရပ်ကွက်ရုံးမီးလောင်တာနဲ့ပတ်သက်ပြီးတော့ ရုံးအနီးမှာနေတဲ့ သူယောက်ျားလေးမှန်သမျှအကုန်ခေါ်စစ်ခံရတယ်။ သူတို့ပြောတာက ရှို့မီးဆိုပြီးတော့ ကြားတယ်ပေါ့။ တရားခံစစ်သလိုမေးခံခဲ့ရတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမှတ် (၉) ရပ်ကွက်ရှိ ဒေသခံလူငယ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ထိုသို့ စစ်မေးပြီးနောက် ရပ်ကွက်ရုံးအနီးတွင် နေထိုင်သည့်ဒေသခံလူငယ် ငါးဦးထက်မနည်းကို ပြီးခဲ့သည့်ဧပြီ ၃၀ ရက်နေ့တွင် လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်များထံက သိရသည်။

“ အိမ်ကတူလေးတစ်ယောက်ရယ်၊ သူ့သူငယ်ချင်းတစ်ယောက်ရယ်ကို ရဲစခန်းက ရပ်ကွက်ရုံး မီးလောင်တာနဲ့မေးစရာရှိတယ်ဆိုပြီး လက်ထိပ်ခတ်ဖမ်းခေါ်သွားတယ်။ အခုအိမ်က လူတွေလိုက်နေတယ်ပေါ့။ အဖမ်းခံရတဲ့သူတွေတော်တော်များများက ရုံးအနားမှာနေတဲ့သူတွေချည်းပဲဖြစ်နေတာ။ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ ပတ်သက်နေသူဆိုတော့ အမြင်ကပ်ကြတော့ရှိတယ်။ ဘာလို့လဲဆိုတော့ သူက ရပ်ကွက်မှာ လူမိုက်ခေါင်းပုံစံနဲ့ အမြဲတမ်းဗိုလ်ကျ အနိုင်ကျင့်နေတာ”ဟု ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထို့သို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ညောင်တုန်းမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးရုံးနေရာတွင် ပြီးခဲ့သည့် ဧပြီဒုတိယအပတ်အတွင်းကလည်း ရုံးခန်းအတွင်း ဖဲလောင်းကစားဝိုင်းပြုလုပ်ခဲ့မှုကြောင့် ဓားထိုးမှုဖြစ်ပွားခဲ့ကာ လောင်းကစားနေသူတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အလားတူပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တန်ဆောင်တိုင် ကထိန် လှည့်လည်ရန် စီစဉ်နေစဉ်အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိသူများ၏ မီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

#ညောင်တုန်း #ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး #မီးလောင်ကျွမ်းမှု #ရပ်ကွက်ဒေသခံ #လူငယ်၅ဦးထက်မနည်း #ဖမ်းဆီးခံရ #Ayeyarwaddy_Times