
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁ ရက်
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့၏ အရေးပေါ် တပ်အင်အား လိုအပ်ချက်အရ အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမှုသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်စိုးမိုး နယ်မြေတွင် မရှိသလောက် ကာကွယ်ထားနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၏ ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီသည် အရွယ်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့အပါအဝင် လက်အောက်ခံအဖွဲ့အစည်းများ ဖွဲ့စည်းလုပ်ဆောင်ခဲ့ရာ ထိုအဖွဲ့အစည်းများအားလုံးကို စစ်ကောင်စီနည်းတူ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် NUG က သတ်မှတ်ကြေညာခဲ့သည်။
ထို့နောက် တတ်နိုင်သမျှ ကာကွယ်နိုင်ရန်နှင့် ယင်းကြေညာချက်တွင် ဖော်ပြထားသော လူပုဂ္ဂိုလ်များကို အရေးယူ ဆောင်ရွက်နိုင်ရေး မြေပြင်အဖွဲ့များသို့ ညွှန်ကြားထားကြောင်း ယမန်နေ့ ဧပြီ ၃၀ ရက်နေ့က ပြုလုပ်သည့် NUG ၃ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
“ဒါပေမယ့် အဲဒီလို ညွှန်ကြားတဲ့အခါမှာ NUG ထိန်းချုပ်စိုးမိုးထားတဲ့ နေရာတွေမှာတော့ ကျွန်တော်တို့ သေသေချာချာ အကောာင်အထည် ဖော်နိုင်တယ်။ စစ်မှုထမ်း ဆင့်ခေါ်ခံရမှု မရှိသလောက် ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်တယ်၊ ကာကွယ်ထားနိုင်တယ်” ဟု ဦးလွင်ကိုလတ်က ဆိုသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ ထွက်လာချင်သူများ၊ ပြည်သူ့ရင်ခွင်ကို ခိုလှုံချင်သူများအတွက်လည်း အမြဲတမ်း လက်ကမ်းထားသလို မတရားသဖြင့် စစ်မှုထမ်းခိုင်းသည့် ကိစ္စရပ်မျိုးတွင်လည်း ရှေ့တန်းစစ်မြေပြင်အထိ ရောက်လာပါက ဆက်သွယ်၍ ထွက်လာနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အခွင့်အရေးပေး လုပ်ဆောင်နေကြောင်း သိရသည်။
“သို့သော် တစ်ခုရှိတာကတော့ ယူနီဖောင်းဝတ်ထားတယ်။ စစ်ရေးပစ်မှတ်လည်း ဖြစ်နေတယ်။ လက်နက်လည်း ကိုင်ထားတယ်ဆိုတဲ့ ကိစ္စရပ်တွေကတော့ ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ထွက်လာနိုင်ဖို့အတွက် အမြဲတမ်း အခွင့်အရေး လုပ်ပေးသွားမယ်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ၌ မရှုမလှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နှစ်လအတွင်း လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို တပ်သားသစ်အဖြစ် စုဆောင်းခဲ့ပြီး လက်ရှိတွင် ဒုတိယအသုတ်အတွက် နိုင်ငံတစ်ဝန်းမှ လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေကြောင်း သတင်းများအရ သိရသည်။
NUG သည် အဆိုပါကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ဖြေရှင်းရန် စီမံချက်တစ်ရပ် ရေးဆွဲအတည်ပြုကာ ဆောင်ရွက်လျက်ရှိပြီး ထိုအနက်မှ ပြည်သူနှင့် တိုက်ရိုက်ဆက်ဆံရန်အတွက် မတ် ၃၀ ရက်နေ့တွင် တယ်လီဂရမ်ချန်နယ် ဖွင့်လှစ်ခဲ့ရာ ယခုတစ်လအတွင်း ဆက်သွယ်မှုပေါင်း ၁၅,၀၀၀ ဦးခန့်ရှိခဲ့ကြောင်း သိရသည်။
“ဆက်သွယ်ကြတဲ့အထဲမှာ အမျိုးမျိုးရှိတာပေါ့။ အဲဒီအထဲမှာမှ အကြမ်းဖက် စစ်အုပ်စုရဲ့ လက်အောက်မှာတော့ စစ်မှုမထမ်းလိုဘူး၊ စစ်ကျွန်မခံလိုဘူး၊ PDF ဘက်ကို ဝင်ချင်တယ်ဆိုပြီးတော့ လာရောက်ဆက်သွယ်ကြတဲ့သူတွေက အများစုဖြစ်ပါတယ်။ တချို့ကျတော့လည်း လွတ်မြောက်ရာ နယ်မြေတွေကို တိမ်းရှောင်ချင်တယ်ဆိုတဲ့ အနေအထားမျိုးတွေနဲ့ လာရောက်ပြီး ပြောဆိုကြတာရှိသလို တချို့ကျတော့လည်းပဲ သတင်းပေးတာပေါ့” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
စစ်ကောင်စီက မြို့နယ်ပေါင်း ၂၂၄ မြို့နယ်တွင် စစ်မှုထမ်း အကောင်အထည် ဖော်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး ထိုအထဲမှ ၁၈၆ မြို့နယ်တွင် စစ်မှုထမ်းအတွက် စာရင်းများ ကောက်ယူခြင်း၊ အကျုံးဝင်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းခြင်းနှင့် မဲနှိုက် ရွေးချယ်ခြင်းများ လုပ်ဆောင်ခဲ့သလို ကျန်သည့် ၃၈ မြို့နယ်တွင်လည်း ဝါဒဖြန့် စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဘယ်လိုမှ မလွဲမရှောင်တာဘဲ လိုက်ပါသွားရတဲ့ အခြေအနေမျိုး ရှိတယ်ဆိုရင်လည်း ဒီလိုလူမျိုးတွေကို အကြံပြုချင်တာက သေချာတာ တစ်ခုကတော့ အကြမ်းဖက် စစ်အုပ်စုဘက်ကနေ ကိုယ်က စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရပ်ပြီးတော့ ပြည်သူလူထုဘက်ကို သေနတ်ဖောက်ပြီဆိုရင် ဒါဟာ အကြမ်းဖက် စစ်အုပ်စုထဲကို ဝင်ရောက်သွားတဲ့ အနေအထား၊ သူ့ဘက်ကနေ စစ်ကိုကူတိုက်တယ် ဆိုတဲ့အနေအထားမျိုး ဖြစ်သွားမှာပေါ့” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ထိုအခြေအနေမျိုးထိ အရောက်မခံဘဲ နည်းလမ်းပေါင်းစုံဖြင့် ရုန်းထွက်ကြရန်၊ ချက်ချင်းရှေ့တန်းလွှတ်ခံရပါကလည်း တော်လှန်ရေး အင်အားစုများနှင့် မရရအောင် ဆက်သွယ်၍ အလံဖြူထောင်သော ကိစ္စများ၊ ပြည်သူ့ရင်ခွင် ခိုလှုံသည့်ကိစ္စများ အလျင်အမြန် လုပ်ဆောင်ကြရန် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းထားသည်။
ပုံစာ-NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်
#စစ်မှုထမ်းဆင့်ခေါ်ခံရမှု #NUG #စိုးမိုးနယ်မြေ #ကာကွယ်ထားနိုင် #ပြည်ထဲရေးဝန်ကြီး #Ayeyarwaddy_Times