
ဧရာ၀တီတိုင်းမ်
မေ ၁ ရက်
မြန်မာနိုင်ငံတွင် စံချိန်တင် အပူရှိန်မြင့်မားမှုကြောင့် လူသေဆုံးများရှိနေချိန်တွင် မီးပျက်ချိန်များသဖြင့် ပြည်သူများ အခက်ကြုံနေရကြောင်း ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများထံက သတင်းရရှိသည်။
ကမ္ဘာ့စံချိန်တင် အပူဆုံးမြို့များကို ကမ္ဘာ့မိုးလေ၀သ နှင့် ရာသီဥတုအဖွဲ့ကြီးက ဖော်ပြရာတွင် ကမ္ဘာ့အပူဆုံး မြို့ကြီး ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ခြောက်မြို့ ပါ၀င်လျက်ရှိသည်။
ကမ္ဘာ့အပူဆုံးမြို့ထဲတွင် မြန်မာနိုင်ငံမှ မကွေးတိုင်း ချောက်မြို့မှာ ထိပ်ဆုံးသို့ရောက်ရှိနေပြီး အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ရှိနေကာ ဧပြီလအစပိုင်းမှစတင်ကာ ကမ္ဘာ့စံချိန်တင်အပူချိန်မြင့်မားမှုစာရင်းတွင် တစ်လလုံးနီးပါးပါ၀င်နေခြင်းဖြစ်သည်။
အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၌ ရက်ရှည်ရပ်တည်နေသော မန္တလေးမြို့တွင် ယမန်နေ့ ဧပြီ ၃၀ ရက်နေ့က အပူချိန်မြင့်မားမှုကြောင့် လူ ၁၀ ဦးနှင့်အထက် သေဆုံးခဲ့ ကြောင်း မန္တလေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။
“သေတဲ့အထဲ ၂၀ ကျော်အရွယ်လေးတွေလည်း ပါတယ်။ အသက်ကြီးပိုင်းတွေတော့ ပိုများတာပေါ့။ တစ်ရက်တည်းတောင် ဒီလောက်ဆိုရင် တစ်မြို့လုံးဆိုရင် မနည်းဘူး။ အပူချိန်က လျော့မသွားဘူး။ စံချိန် တင်သေဆုံးမှုလို့ပြောရမယ်။ နေပူတော့ ရေစိမ်၊ ရေကူးကြလို့ မြစ်တွေ ချောင်းတွေမှာလည်း သေတာ မနည်းဘူး”ဟု မန္တလေးမြို့လူမှုကူညီရေးအသင်းမှ အဖွဲ့၀င်
တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင် အပူချိန်မြင့်နေသည့် မကွေးမြို့တွင်လည်း ဧပြီ ၂၈ နှင့် ၂၉ နှစ်ရက်အတွင်း သေဆုံးသူ ၁၂ ဦးထိရှိကာ အသက်ကြီးပိုင်း နှင့် ကလေးသူငယ်အများစုဖြစ် ကြောင်း ဒေသခံလူမှု ကူညီရေးအသင်းများ၏ ဖော်ပြချက်အရ သိရသည်။
“မနက်မိုးလင်း ၇ နာရီဆိုတာနဲ့ ပြင်းပြင်းထန်ထန်ပူနေပြီ။ စောင်တွေကို ရေစွတ်ပြီးတော့ ခြင်ထောင်အမိုးလို မိုးထားရတယ်။ ပြတင်းပေါက်တွေဆိုလည်း အ၀တ်ရေစွတ်ပြီး ကာထားရတယ် လေတိုးရင်အေးအောင်လို့။ ကြမ်းတွေဆိုလည်းရေလောင်းလည်း ခဏလေး ခြောက်တာ။ အသက်ကြီးပိုင်းရှိတော့ မခံနိုင်ဘူး။ အချို့လူကြီးတွေဆို အသက်တောင်မနည်းရှူနေရတယ်”ဟု မကွေးတိုင်း နတ်မောက်မြို့နေ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
ထို့နည်းအတူ ရန်ကုန်တိုင်းမြစ်တစ်ဖက်ကမ်းရှိ နှစ်စဉ်ရေပြတ်လပ်မှု ဒုက္ခနှင့်ရင်ဆိုင်ရလေ့ရှိကာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ရှိနေသည့် ဒလမြို့နယ်တွင်လည်း ယခုနှစ်တွင် ဆိုးရွားစွာရေပြတ်လပ်မှုနှင့်ကြုံနေရပြီး ကူညီပေးနေသည့်အဖွဲ့များမှာလည်း စစ် ကောင်စီ၏ တားမြစ်ချက် ကန့်သတ်ချက်များကြောင့် ကူညီပေးနိုင်မှုမရှိဘဲ ဒေသခံများမှာ အပူချိန်နှင့်အတူ ရေအခက်အခဲများ ကြုံလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံတွင် အပူချိန်မြင့်တက်နေသည့်အတွက် ထိုင်းအစိုးရသည် မြို့ကြီးများတွင် အပူချိန်လျော့ကျစေရန် မိုးတုဖန်တီးပေးခြင်းနှင့် တစ်မြို့လုံးကို ရေဖြန်းကားများဖြင့် လှည့်လည်ရေဖြန်းကာ အပူချိန်လျော့နည်းအောင် ဆောင်ရွက်ပေးကြောင်း ထိုင်းသတင်းစာများ၏ ဖော်ပြချက်
အရ သိရသည်။
ကမ္ဘာ့စံချိန်တင် အပူချိန်မြင့်မားနေသည့် မြန်မာနိုင်ငံရှိ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အာဏာသိမ်းစစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့မှုများနှင့် သစ်ပင် သစ်တောများကို တရားလွန်ခုတ်မှုများကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ အပူရှောင်စရာ နေရာပင်မရှိဘဲ ရာသီဥတုအပူဒဏ်ကို ဆိုးရွားစွာခံစား ရလျက်ရှိကြောင်း သိရသည်။
ထို့အပြင်ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင်လည်း လျှပ်စစ်မီးရရှိမှုမှာ တစ်နေ့ ၂၄ နာရီပတ်လုံး တွင် လေးနာရီခန့်မျှသာ မီးရရှိသည့်အတွက် အောက်ဆီ ဂျင်နှင့်ရပ်တည်နေရသည့် လူနာများ၊ အပူဒဏ်ကြောင့် ရောဂါဆိုးရွားနိုင်သော ဆီးချိုရောဂါသည်နှင့်သွေးတိုးရောဂါသည်များနှင့် လျှပ်စစ်မီးမီးအကူအညီ ဖြင့် အသက်ဆက်နေရသည့် ကင်ဆာရောဂါသည်များ မှာလည်း အသက်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“အမေဆိုရင် ဆီးချို၊ သွေးတိုးရှိတဲ့အပြင် နှလုံးခွဲပြီး စက်တပ်ထားရတယ်။ အောက်ဆီဂျင်ကလည်း အမြဲပေးနေရတာ။ နှလုံးခုန်နှုန်းနဲ့ သွေးအတက်အကျကိုလည်း စက်နဲ့အမြဲကြည့်နေရတာ။ မီးကမလာတော့ အရမ်းဒုက္ခရောက်တယ်။ တစ်ချိန်လုံး မီးစက်နှိုးရ တော့ မီးစက်လည်းမနိုင်တော့ဘူး။ စက်သုံးဆီကလည်း လိုသလောက်မရဘူး။ အကုန်ခက်ခဲတယ်”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နှစ် ၅၀ အကျော်တွင် အပူချိန်အမြင့်ဆုံးခံစားနေရသည့် မြန်မာနိုင်ငံမှ ချောက်မြို့သည် မှတ်တမ်းတင်ခဲ့သည့် ၅၆ နှစ်အတွင်း အပူချိန် ၄၈ ဒသမ ၂ ဒီဂရီရှိကာ အပူချိန်အမြင့်ဆုံးဖြစ်သည်ဟုလည်း မိုးလေ၀သက ထုတ်
ပြန်ထားသည်။
ပုံစာ-ဧပြီလ ၂၄ ရက်နေ့က အပူလျှပ်သည့် လူနာတစ်ဦးကိုမန္တလေးဆေးရုံကြီးသို့ပို့ဆောင်နေစဥ်။
ဓာတ်ပုံ-မဏီစလ လူမှုကူညီရေးအသင်း – မန္တလေးမြို့
#မြန်မာ #အပူချိန်စံချိန်တင် #လူသေဆုံး #လျှပ်စစ်ပြတ်တောက် #မန္တလေး #မကွေး #နတ်မောက် #ရန်ကုန် #ဒလ #Ayeyarwaddy_Times