ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များရှိ ကျေးရွာ အချို့တွင် PDFများရှိသည်ဟူသောအကြောင်း ပြချက်ဖြင့် စစ်ကောင်စီတပ်သား များဧပြီလ အတွင်း တပ်စွဲ နေထိုင်ခြင်းများပြုလုပ်နေကြောင်းသတင်းရရှိသည်။

ဧပြီလ ၂၈ရက်နေ့က ကျုံပျော်မြို့နယ် ကျုံမရမ်းကျေးရွာသို့ စစ်ကောင်စီတပ်သားအင်အား ၅၀ခန့်က ရောက်ရှိလာပြီး နယ်မြေစိုးမိုးရေးခေါင်းစဥ်ဖြင့် ညအိပ်ကာ ကင်းလှည့်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အမှန်က ရှေ့တန်း သွားရမှာစိုးလို့ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး PDFရှိတယ် ၊ ထောက်ပို့တွေရှိတယ်လို့ သတင်းကိုတင်ပြီး လာရှာတာ။ အဲ့ဘက်မှာ တစ်လလောက် ရှာတဲ့ပုံပြမယ် ဟိုလူဒီလူ ဖမ်းပြီးငွေညှစ်မယ် ဒါမျိုးတွေ လုပ်နေတာ”ဟု စစ်ကောင်စီတပ်မှအငြိမ်းစား ယူထားသူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်မတ်လအတွင်းက ငပုတောမြို့နယ်တွင် PDFသင်တန်းများဖွင့်သည်ဟုဆိုကာ မရမ်းကွင်းကျေးရွာသို့ စစ်ကောင်စီတပ်သား ၂၀ခန့် ရောက်ရှိလာပြီးဘုန်းကြီးကျောင်းတွင် တည်းခိုကာ ကျေးရွာ ၁၀ရွာထက်မနည်းကိုစစ်ကြောင်းထိုးခဲ့သေးကြောင်း ဒေသခံများကပြောသည်။

“အုပ်ချုပ်ရေးမှူး က စစ်တပ်လာရင်ရွာက နှစ်လုံး၊ သုံးလုံး ရောင်းတဲ့သူတွေဆီက ပိုက်ဆံကောက်ပြီးထမင်းချက်ကျွေးရတယ်။ သူမကျေနပ်တဲ့သူရှိရင် ထောက်ပို့ဆိုပြီးဖမ်းခိုင်းတယ် စစ်တပ်လာပြီဆို အဲ့လူတွေကရှောင်နေရတယ်။ ကျေးရွာတွေထဲ ကင်းလှည့်ပြပြီးတစ်ပတ်လောက်ဆိုပြန်သွားရော” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိဖြစ်ပွါးနေသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနေသောကြောင့် ရှေ့တန်းထွက်ရမည်စိုးရိမ်ကာ ဧရာ၀တီတိုင်းရှိ သစ်တောများနှင့်ကျေးရွာများတွင်PDFများရှိသည်ဟုဆိုကာဟန်ဆောင်ပြီး စစ်ကြောင်းထိုးပြနေခြင်း ဖြစ်နိုင်ကြောင် စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးမှပြောသည်။

ဧရာ၀တီတိုင်းအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်လမ်း သစ်တောများအတွင်း စစ်ကောင်စီမှ တောနင်းရှာဖွေခြင်းများ အမြဲပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

#ဧရာ၀တီတိုင်း #ကျေးရွာအချို့ #စစ်ကောင်စီတပ် #လိုက်လံတပ်စွဲနေ #Ayeyarwaddy_Times