ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ရက်ပေါင်း ၂၀ နီးပါး ယာယီပိတ်ထားသော မြန်မာ – ထိုင်းနယ်စပ်ရှိ အမှတ် (၂) ချစ်ကြည် ရေးတံတားပေါ်မှနေ၍ ယနေ့ ဧပြီ ၃၀ ရက်‌နေ့တွင် ကုန်တင်ကားများ ဖြတ်သန်းသွား လာနေပြီဖြစ်ကာ ကုန်သွယ်‌မှုပြန်လည် စတင်နေပြီဖြစ်ကြောင်း မဲဆောက်ဒေသခံများ ထံက သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF ) ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) ကို ဧပြီ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်းနိုင်ငံဘက်က အမှတ်(၂) ချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ခလရ (၂၇၅) ကို သိမ်းပိုက်ပြီးနောက် ဧပြီ ၁၁ ရက်နေ့တွင် အဆိုပါစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမှတ်(၂) တံတားအနီးတွင် ခိုလှုံနေခဲ့သောကြောင့် ထိုင်းနိုင်ငံဘက်က တံတားကို ယာယီပိတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး နှစ် နိုင်ငံကုန်သွယ်ရေးပြုလုပ်ကာ ကုန်တင်ကားများ ဖြတ်သန်းနေပြီဖြစ်ကြောင်း မဲဆောက်တွင် နေထိုင်သူ တစ်ဦးထံက သိရသည်။

” ရန်ကုန် – မဲဆောက်ပစ္စည်းပို့လို့ရပါတယ်။ တိုက်ပွဲငြိမ်နေတော့ ၃ ရက်လောက် ကြာ ပါမယ်။ ရန်ကုန် – မဲဆောက် ကုန်က ၃ ရက်ခြား အသွားအပြန်ရှိပါတယ်” ဟု ကုန်သွယ် ရေး လုပ်ငန်းလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ပြီးနောက် ထိုင်းနိုင်ငံ ဘက်က စက်နှင့်စက်ပစ္စည်းကုန်ကြမ်းများ အပါအဝင်ဆောက်လုပ်ရေး ပစ္စည်းနှင့် စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများတင်သွင်းလျက်ရှိသည်။

စစ်ကောင်စီအတွက်အခွန်အများဆုံးရနေသော မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်မှု ကဏ္ဍတွင် မတ်လ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၁၉ ဒသမ ၀၉၂ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈၂၄ ဒသမ ၄၆၈ သန်း ကုန်သွယ်မှု ပမဏရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မြန်မာထိုင်းကုန်သွယ်ရေး #အမှတ်၂ချစ်ကြည်ရေးတံတား #မြဝတီမြို့ #Ayeyarwaddy_Times