နိုင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
မြန်မာနိုင်ငံသည် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စံချိန်တင် အပူရှိန်အမြင့်ဆုံး အနေ အထားဖြင့် ရင်ဆိုင်နေရပြီး အပူရှိန်မြင့်တက်လာသည်နှင့်အမျှ ရေရှားပါးမှုများ နှင့် အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat stroke) ၊ အပူဒဏ်ကြောင့် ကြွက်တက်ခြင်း ကဲ့သို့ ကျန်းမာရေးပြဿနာများကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။
ထိုသို့ စံချိန်တင်အပူချိန်မြင့်မားလာမှုကြောင့် ကြုံတွေ့နေရသည့် နောက်ဆက်တွဲ ဆိုးကြိုးများကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား များသည် သာမန်ပြည်သူများထက်ပိုပို၍ ခံစားကြရကြောင်း နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားများကို ကူညီစောင့်ရှောက်နေသည့် အဖွဲ့အစည်းများထံက သိရသည်။
နိုင်ငံရေးပုဒ်မအသီးသီးဖြင့် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောင်တွင်းဖိနှိပ်မှုများအပြင် နွေရာသီ၏ပြင်းထန်သော ရာသီဥတုဒဏ်ကိုပါ ထပ်မံ ကြုံတွေ့နေကြရသည်။
လက်ရှိကာလတွင် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူများသည် ထောင်တွင်း ပူလောင်သည့် ရာသီဥတုဒဏ်အပြင် ရေမလုံလောက်မှု အခက်အခဲများ ကြောင့်ဖြစ်ပွားရသည့် ကျန်းမာရေးပြဿနာများ၊ အဝတ်အစား နှင့် ဂုဏ်သိက္ခာ ဆိုင်ရာလုံခြုံရေးပြဿနာများကိုပါ ကြုံတွေ့ခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ကူညီစောင့်ရှောက်နေသူများထံက သိရသည်။
“လက်ရှိမှာပေါ့နော် နွေရာသီကာလမှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေ ဘယ်လိုကြုံနေရလဲဆိုရင် ချိုးရေ၊ သုံးရေ လုံလောက်မှုမရတာရယ်၊ သောက်သုံးရေက သန့်ရှင်းမှုမရှိတာတွေရယ် ကြုံရတယ်။ သူတို့(စစ်ကောင်စီ)က ချမှတ်ထားတဲ့ အ၀တ်အစားဘယ်နှစ်စုံပဲ ထားပိုင်ခွင့်၊ ၀တ်ပိုင်ခွင့် ဆိုတာမျိုးသတ်မှတ်လိုက်တဲ့ အနေအထားမှာ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ အမျိုးသမီးသဘာ၀ Menstruation (ဓမ္မတာ) လာတာကအစ နိုင်ငံရေးအကျဉ်းသူတွေမှာ အ၀တ်အစား၊ အတွင်းခံလုံလောက်မှုမရှိတာတွေ ကြုံနေရတယ်” ဟု Women’s Organization of Political Prisoners (WOPP) အဖွဲ့ ဦးဆောင်တာဝန်ခံတစ်ဦး ဖြစ်သည့် မဇူဇူးမေယွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သောက်သုံးရေ၊ ချိုးရေရှားပါးမှုများ၊ မသန့်ရှင်းသည့် ချိုးရေများကြောင့် အမျိုး သမီးများအနေဖြင့် ယားနာများ၊ အရေပြားရောဂါ စွဲကပ်လာမှုများ ဖြစ်ပွားနေကြပြီး နေအပူရှိန်ဒဏ်များကြောင့် အာရုံကြောအားနည်း ချိနဲ့လာမှုများ ကိုလည်း နိုင်ငံရေးအကျဉ်းသူများက ကြုံတွေခံစားရကြောင်းသိရသည်။
ထို့ပြင် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေး အကျဉ်းသူများမှာ ရာသီဥတု ပူလောင်သည့်ဒဏ်များကြောင့် စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ ပြဿနာများကြုံတွေ့ရတက်ပြီး ပိတ်လှောင်ခံထားရခြင်းဖြစ်သည့်အတွက် အသက်ရှူ ကြပ်ခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ကိုလည်း ကြုံတွေ့နေကြရသည်။
“ဒီအချိန်ကအပြင်မှာရှိနေတဲ့ သူတွေတောင် တအားပူတာလေနော်။ ဒီရာသီကတော့ အထဲမှာရှိသူတွေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ သွေးတိုး၊ ဆီးချိုတွေ၊ နှလုံးရောဂါတွေ အဖြစ်များကြတယ်။ သွေးတိုးပေါ့ အများဆုံးက။ ရာသီဥတုပူတော့ အစားမစားနိုင်ဘူး။ နောက်ဆက်တွဲကျန်းမာရေးတွေထိခိုက်ကြတယ်။ ကျွန်မတို့ အထဲမှာ(ထောင်)ရှိနေတုန်းကဆို သောက်ရေတောင်လုပြီးမှ သောက်ရတယ်။ ရေမရှိလည်း ကိုယ့်ဘာကိုအဆင်ပြေသလို အငတ်နေရတယ်။ သုံးရေမသန့်တာမျိုး ဒီရာသီဆို ချွေးတွေတအားထွက်တယ်။ အမှုန်(ဖုန်)တွေများတဲ့အတွက် ရင်သားအောက် တွေ၊ ချိုင်းတွေ၊ ပေါင်ကြားတွေ အဲ့လိုနေရာတွေမှာ ပွေးတို့၊ ယားနာတို့ ပေါက်ကြတယ်” ဟု နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သူ မလင်းလက်ဆူးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
မြင့်မားသည့်အပူချိန်ကြောင့် ဖြစ်ပွားရသည့် ကျန်းမာရေး အခြေအနေများကိုလည်း အကျဉ်းထောင်တာဝန်ရှိသူများက ပါရာစီတမော ဆေးတစ်မျိုးသာပေးလေ့ရှိကြောင်း သိရသည်။
အကျဉ်းထောင်တာဝန်ရှိသူများက ပေးသည့် ဆေးများမှာလည်း အပူရှိန်ကြောင့် အရည်ပျော်ခြင်း၊ ရက်လွန်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ကျန်းမာရေးစောက်ရှောက်မှု နည်းပါးခြင်း၊ ဆေးဝါးလုံလောက်မှုမရှိခြင်း စသည့် အခြေအနေများ ဖြစ်ပွားနေ ကြောင်းသိရသည်။
ထို့ပြင် အကျဉ်းထောင်များအတွင်းရှိ အမျိုးသမီး အကျဉ်းသူများသည် ပူလောင်သည့်ရာသီဥတုကြောင့် သက်တော့သက်သာရှိသည့် အဝတ်အစားများ ဝတ်ဆင်ကာ နေထိုင်လိုကြသော်လည်း စစ်ကောင်စီ၏ လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုများကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက်(PPNM) တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးထံက သိရသည်။
“အမျိုးသမီးတွေက အထဲထဲမှာ ထောင်ကထုတ်ပေးတဲ့ အကျီတွေတွေဝတ်ကြတယ်။ အမျိုးသမီးတော်တော်များများက ဘာရာဇီယာမဝတ်ကြတာများတယ်။ နွေရာသီ ဆိုတော့အိုက်တာလည်းပါတယ်။ တချို့အမျိုးသမီးတွေအတွက် ဒါက အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိတယ်။ အဓိကကတော့ ဗဟိုထောင်တွေပေါ့။ ကျွန်တော်တခြားထောင်တွေ မသိပေမယ့် ကျွန်တော်နေခဲ့ရတဲ့ မန္တလေးဗဟိုထောင်မှာဆို အမျိုးသမီးရေချိုးဆောင်ထိ မြင်ရတဲ့ CCTV တပ်ထားတာရှိတယ်။ ဒီလိုရာသီမှာ အမျိုးသမီးတွေက ပေါ့ပေါ့ ပါးပါးနေချင်ရင်တောင်မှ ချုပ်တည်းပြီးနေကြရတယ်။ အမျိုးသမီးတွေ ထမီရင်လျားနဲ့ သွားလာတာတွေကို CCTVကနေမြင်ကြရတာရှိတယ် အဲ့ဒီCCTVတွေကို အမျိုးသား တွေက လုံခြုံရေးအရဆိုပြီး စစ်ဆေးတဲ့အခါမျိူးတွေမှာဆို အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာမျိူးတွေရင်ဆိုင်ရတယ်။ အဲ့လိုစိန်ခေါ်မှုတွေများစွာလည်းရှိတယ်” ဟု ကို သိုက်ထွန်းဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသူ အများဆုံးရှိသည့် အကျဉ်းထောင်များမှာ အင်းစိန်ထောင်၊ သာယာ၀တီထောင်၊ ဒိုက်ဦးထောင်၊ ကျိုက်မရောထောင်၊ မြင်းခြံထောင်၊ မအူပင်ထောင်များဖြစ်ပြီး ပေ ၄၀ × ၆၀ ရှိ အခန်းတစ်ခုထဲတွင် နိုင်ငံရေး အကျဉ်းသူ အရေအတွက် ၁၀၀ ကျော် နေရသည်အထိ ရှိသည့်အတွက် အပူချိန်မြင့်မားသည့် ဒဏ်ကို အပြင်းအထန်ခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူဟောင်းများထံက သိရသည်။
“ပြောပြရင်းနဲ့ ထောင်ထဲပြန်ရောက်သွားသလိုခံစားရတယ်။ မြင်အောင်ပြောရရင် ထောင်ထဲကပေါင်းအိုးကြီးလိုပဲ။ ဘေးပတ်ပတ်လည်က မြင်မှာစိုးတာကိုး။ ဘေးအဆောင်တွေက ယောကျာ်းလေးအဆောင်လည်းဖြစ်တော့ အဆောင်အပြည့်ကို သွပ်ပြားတွေနဲ့ကာထားတာ” ဟု မလင်းလက်ဆူးက ဆက်လက်ပြောပြသည်။
ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာပေါ် အပူချိန်အမြင့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာနေပြီး ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် မြန််မာနိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာ့အပူဆုံးမြို့စာရင်းဝင် ချောက်မြို့မှာ စံချိန်တင် အပူချိန် ၄၉ ဒီဂရီဆဲစီးယပ်အထိဖြစ်ခဲ့ကြောင်း Eldorado Weather Website ထုတ်ပြန်ချက်အရ သိရသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ယခင်က မြန်မာပြည်တွင်းရှိ အကျဉ်း ထောင်များသို့ သွားရောက်၍ နိုင်ငံရေး အကျဉ်းသားများအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသူ/သားများနှင့် တွေ့ဆုံကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်စ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ စစ်တပ်အာဏာသိမ်းခဲ့သည့် ယနေ့အထိ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပိတ်ပင်ခံထားရသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် သုံးနှစ်တာကာအတွင်း အကျဉ်းကျခံနေရသည့် အမျိုးသမီး အရေအတွက် ၅၄၈၃ ဦးအထိရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#စံချိန်တင်မြင့်တက် #အပူချိန် #ထောင်တွင်းအကျဉ်းသူများ #ရေနှင့်ကျန်းမာရေးအခက်အခဲများ #ကြုံနေရ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)