ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

အပူချိန်မြင့်တက်နေသော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်လမ်းဆုံ၊ ဉေယျဓမ်တောရတွင် သီတင်းသုံး‌နေထိုင်သော မဟာဗောဓိမြိုင်ဆရာတော်ကြီး ဝါတော် ၄၅ ဝါ ၊ သက်တော် ၈၃ နှစ် သည် ယနေ ဧပြီ ၃၀ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် တန်ခူးလပြည်ကျော် ၆ ရက်) နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ခန္ဓာဝန်ချ၍ ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

🔴ဖွားမြင်

မဟာ‌ဗောဓိမြိုင်ဆရာတော် ဝနဝါသီ အရှင်ဉေယျဓမ္မသာမိကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာတွင် ဦးဘစံ နှင့် ဒေါ်မေ တို့က မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့ ည ၁ နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့ပြီး ငယ်နာမည်မှာ မောင်ငြိမ်းမောင် ဖြစ်သည်။

🔴ရှင်ရဟန်းပြု

ဆရာတော်ဘုရားသည် အသက် ၁၄ နှစ်အရွယ် ၁၃၁၇ ခုနှစ်တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုပြီး ဘွဲ့အမည် ရှင်ဉေယျအဖြစ်ခံယူကြောင်းသိရသည်။

၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းအဖြစ်ခံယူတော်မူပြီး ရဟန်းဒကာမှာ ဦးဘသန်း နှင့် ဒေါ်စောဉာဏ်တို့ ဖြစ်ကြသည်။

🔴ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း

ဆရာတော်သည် ရှင်သာမဏေဘဝမှစတင်ကာပိဋကတ်စာပေများသင်ယူခြင်း ၊ အစိုးရပထမငယ်တန်း၊ အစိုးရပထမလတ်တန်း၊ အစိုးရပထမကြီးတန်းတို့ကို အောင်မြင်ပြီး ဗုဒ္ဓစာပေ၊ ပိဋကတ်တော်များပြန့်ပွားစေရန်ကြိုးစားလုပ်ဆောင်ခဲ့သည်။

🔴မနေသုံးချက်

မဟာ‌ဗောဓိမြိုင် ဆရာတော်သည် (၁) ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ၊ (၂)ဘယ်နေ ရာရောက်ရောက် လူရှုပ် ၊ လာဘ်ပေါ၊ ကျော်ဇော၊ ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ၊ (၃) ဘယ်နေရာ ရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေဟူသည့် မနေသုံးချက်တွင် တစ်ချက်ချက်တို့ကြောင့် ရွှေ့ပြောင်းခဲ့သော နေရာပေါင်း ၃၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ကိုးကား-Bodhi bank
ဓာတ်ပုံ – မြင့်ခိုင် ၏ လူမှုကွန်ရက် စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
#ဗောဓိမြိုင်ဆရာတော် #ခန္ဓာဝန်ချ #ဘဝနတ်ထံပျံလွန်တော်မူ #Ayeyarwaddy_Times