နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

နယ်စပ်ကုန်သွယ်ရေးမြို့ ငါး မြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) များ စသည်တို့ကိုလည်း ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် NUG ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ စိုးမိုးထိန်းချုပ် နယ်မြေနှင့် ပတ်သက်လျှင် အဓိကအားဖြင့် စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေဟူ၍ သုံးမျိုးရှိပြီး ထိုအရာများကို ခြုံငုံကာ တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု ပြောဆိုခြင်း ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

“စိုးမိုးထားတယ် ဆိုတာကတော့ တချို့သော လမ်းပိုင်းတွေလည်း ပါသလို၊ တချို့သော ကျေးရွာတွေကိုပေါ့။ ဒါတွေကို ကျွန်တော်တို့က စိုးမိုးထားနိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင်တော့ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အနေအထားတစ်ခုမှာ ဆိုရင်တော့ စစ်ကောင်စီတပ်တွေ ဘယ်လိုမှ ဝင်လာလို့မရတော့ဘဲ၊ ကျွန်တော်တို့က ထိန်းချုပ်ပြီးတော့ အခြေခံတဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းအချို့ကို လုပ်ကိုင်ဆောင်ရွက်နေတာမျိုးကို ဆိုလိုတာဖြစ်တယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

အလားတူ လွတ်မြောက်နယ်မြေ ဆိုသည်မှာ အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လေကြောင်းကလွဲ၍ ကုန်ကြောင်းကနေ မည်သို့မှ ဝင်မရဘဲ တော်လှန်ရေး အင်အားစု များက အလုံးစုံ စီမံခန့်ခွဲသော အနေအထားမျိုးကို ဆိုလိုသည်ဟု ဦးနေဘုန်းလတ်က ဆိုထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေ ၅ ရက်က အနာဂတ်ဖက်ဒရယ်တပ်မတော်၏ အမြုတေအဖြစ် စတင်တည်ထောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ၃ နှစ်တာကာလအတွင်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိကာလတွင် မဟာဗျူဟာမြောက် ထိုးစစ်များကို စတင်ဖော်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့အတူ စစ်ရေးမဟာဗျူဟာများကို ပူးပေါင်းခင်းကျင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (J2C) စသည့် ကော်မတီများ ဖွဲ့စည်းကာ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း NUG ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် နိုင်ငံရေးကဏ္ဍအနေဖြင့် တော်လှန်ရေး အောင်မြင်ရန် အင်အားစုများ အားလုံးအကြား စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး ဘုံရည်မှန်းချက်များ ပိုမိုအားကောင်း ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေး အင်အားစုများ၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ပြည်သူများထံ အသိပေးနိုင်ခဲ့ကြောင်း သိရသည်။

ပုံစာ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်

#နယ်စပ်ကုန်သွယ်ရေးမြို့ #၅မြို့ #တစ်နိုင်ငံလုံး #၆၀ရာခိုင်နှုန်းကျော် #စိုးမိုးထိန်းချုပ် #NUG #Ayeyarwaddy_Times