ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ခြင်းကြောင့် ပျူစောထီးအဖွဲ့ဝင်အပါအဝင်လူငယ်အမျိုးသား ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းသတင်းရရှိသည်။

လပွတ္တာမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်နိုင်နေအိမ်အနီး၌ ယမန်နေ့(ဧပြီ၂၉)ရက်ည ၇နာရီမိနစ် ၃၀ ကျော်ဝန်းကျင်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ နေအိမ်အရှေ့နံရံနေရာတွင် ပျက်စီးသွားခဲ့ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံကသိရသည်။

“ အုပ်ကြီးအိမ်ဗုံးပေါက်တာလားမပြောတတ်ဘူး။ ပေါက်ကွဲအသံတော့အကျယ်ကြီးကြားတယ်။ ရဲတွေနဲ့ စစ်တပ်ကလာပြီးစစ်နေတာသိရတယ်။အိမ်ကတော့ နံရံတွေကောပြတင်းပေါက်တွေအကုန်ပြိုပျက်ကုန်တာ။ လူတွေကတော့မထိသွားဘူး”ဟု မျက်မြင်တွေ့ရှိရသည့်အမှတ်(၄)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။

ယင်း ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရပ်ကျေးပျူစောထီးအဖွဲ့ဝင် သုံးဦး နှင့် ဒေသခံ လူငယ် အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝန်းထံက သိရသည်။

“ ရပ်ကွက် ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ကောင်လေး နှစ်ယောက်အဖမ်းခံရတယ်။ အုပ်ကြီးအိမ်အနားမှာပဲ နေတဲ့သူတွေ ခေါ်စစ်စရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ဘယ်ကိုခေါ်သွားလဲတော့မပြောတတ်ဘူး”ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လပွတ္တာမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ တတိယအပတ်ကစပြီး တော်လှန်ရေးအဖွဲ့များမှဗုံး
ထောင်မှုပြုလုပ်ရန် ကြိုးပမ်းနေသည်ဟုအကြောင်းပြ၍ စစ်ကောင်စီတပ်မှနေ့ရောညပါကင်းလှည့်ကာ ပျူစောထီးအဖွဲ့ဝင်များအား ဗုံးထောင်စေခိုင်းမှုများရှိနေကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုကြသည်။

#လပွတ္တာ #ရပ်ကွက်အုပ်ချုပ်ရေးမှူး #ပေါက်ကွဲမှုဖြ စ်#ပျူစောထီးအဖွဲ့ဝင် #လူငယ်များကိုဖမ်းဆီး #Ayeyarwaddy_Times