အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ယနေ့ မနက်ထိ နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ကန်ပက်လက်ထံက သိရသည်။

ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တို့မှ ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိထားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ကန်ပက်လက်၏ တာဝန်ရှိသူက ပြောသည်။

“ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပါ။ တိုက်ပွဲက နေ့ညမပြတ် ပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်ဘက်က လေကြောင်းကနေ အဆမတန် သုံးပြီး တိုက်ခိုက်နေသလို တိုက်ပွဲတလျောက် လေကြောင်းကနေလည်း တပ်အင်အား ၅၀၀ ကျော် ထပ်ဖြည့်ထားပါတယ်” ဟု ချင်းလဲန်းကာကွယ်ရေးတပ်-ကန်ပက်လက်၏ တပ်မဟာမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မတ်လ ၇ ရက်နေ့ကစ၍ အာရက္ခတပ်တော်(AA)၏ အကူညီဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့ခြင်းဖြစ်ပြီး ယနေ့ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သည် ၎င်းတို့တပ်စွဲထားသည့် နေရာမှ စခန်းစွန့်ခွာကာ ကျင်ဒွေးရွာဟောင်းနှင့် တောတောင်ထဲတွင် ခြေကုပ်နေယူထားကြောင်း ဒေသခံများထံက သိရသည်။

“မနေ့ ညနေ မြို့ထဲက စစ်သားတွေ ကျင်ဒွေး ရွာဟောင်းနဲ့ ရွာအနီးနားတဝိုက် တောဘက်ကို ထွက်ပြေးလာကြတယ်။ အဲ့ဒီ ရွာဟောင်းမှာ စစ်တပ်တွေရှိတယ်။ မြို့ထဲမှာတော့ စစ်သားတွေ မရှိတော့ဘူး။ တိုက်ပွဲက ရှိနေသေးတယ်။ ပြီးတော့ မနေ့က အဲ့ဒီရွာ တောဘက်မှာ စစ်တက်က ရဟတ်ယာဥ်နဲ့ တပ်အင်အား ချပေးတာ တွေ့ရတယ်။ ဒီနေ့ နေ့လည်ထိ ရဟတ်ယာဥ် ပျံသန်းနေတုန်းပါ” ဟု ကျင်ဒွေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲကို စစ်ကောင်စီက မည်သို့ပင် အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စေကာမှု (လုံးဝ) နောက်မဆုတ်ဘဲ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းကာ ကျင်ဒွေးမြို့ သိမ်းပိုက်ရရှိသည့်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင့် ချင်းညီနောင်အဖွဲ့က ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#ကန်ပက်လက်မြို့နယ် #ကျင်ဒွေးမြို့ #ချင်းကာကွယ်ရေးတပ်ဖွဲ့ #စစ်ကောင်စီ #နှစ်ဖက်
တိုက်ပွဲများပြင်းထန်နေ #Ayeyarwaddy_Times