
ဧရာ၀တီတိုင်းမ်
ဧပြီ ၃၀ ရက်
မန္တလေး၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို မန္တလေး PDF မှ ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အခြေချတပ်စွဲထားသည့် တပ်စခန်းကို ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်တပ်မတော် (မန္တလေး)တပ်ဖွဲ့က စခန်းသိမ်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအပါအ၀င် တပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီး တင်ကို(တေဇ၂၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃)မှ အုပ်ချုပ်မှုဌာန ဌာနမှူးအပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးမှာ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့မှ လက်နက်ချအညံ့ခံသူများနှင့်အတူ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုတစ်စုံတရာမရှိကြောင်း သိရသည်။
ယင်းတပ်စခန်းသည် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီမှ လူသစ်စုဆောင်းထားသည့် တပ်သားသစ်များလည်း ပါ၀င်ကြောင်း စုံစမ်းသိရှိရသည်။
“တိုက်ခိုက်ခံရတဲ့တပ်က တန်းမြင့်ကျောင်းကတပ်။ လတ်တလောမှယ စုဆောင်းခံ ထားရတဲ့ လူသစ်တွေ လည်းပါတယ်လို့ ကြားတယ်။ ဌာနမှူးပါ မက်စေ့ကိုက်(သေ) သွားတာ။ လပခ(အလယ်ပိုင်းတိုင်း)နဲ့လည်း နီးတယ်”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အလားတူ မန္တလေး PDF နှင့် စစ်ကောင်စီတပ်သားများ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးတစ်ဝိုက်တွင်နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများအဆက် မပြတ်ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီတပ်စခန်းမှ လက်နက်ချအညံ့ခံ သူများနှင့် သိမ်းဆည်းရမိသည့် လက်နက်များ (မန္တလေး PDF)
#မန္တလေး #စဉ့်ကူး #ဝါးပိုးချပ် #စစ်ကောင်စီတပ်စခန်း #တတက၁၃ #သိမ်းပိုက်ခံရ #မန္တလေး PDF #Ayeyarwaddy_Times