
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပထွက်ခွာသူ ပိုမိုများပြားလာ၍ နိုင်ငံကူး လက်မှတ် (passport )လျှောက် ထားရာတွင် အွန်လိုင်းစနစ်ဖြင့်လျှောက်ထားနိုင်သည့် မြို့ပေါင်း ၁၁ မြို့အထိ ထပ်မံ တိုးမြှင့်ထားကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက နယ်မြေအများစု လက်လွှတ်ဆုံးရှုံးထားသည့် ကရင်နီပြည်နယ် (ကယား)တွင် အိမ်ထောင်စုစာရင်းရှိသူများက စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်၏ ထောက်ခံချက်ဖြင့် တောင်ကြီးမြို့တွင် မေလ ၁ ရက်နေ့မှစတင်ကာ လျှောက်ထား နိုင်ကြောင်း မြန်မာ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။
မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ့၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးမြို့တို့တွင် မေလ ၂ ရက်နေ့မှ စတင်ပြီး အွန်လိုင်းရက်ချိန်းစနစ် (QR Code) အသုံးပြုကာ နိုင်ငံကူးလက်မှတ်ရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ် ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သိရသည်။
ကရင်နီပြည်နယ်ရှိ အိမ်ထောင်စုစာရင်းဝင်သူများသည် စစ်ကောင်စီ၏ ပြည်နယ် အစိုးရအဖွဲ့ ( သို့မဟုတ်) တိုင်းစစ်ဌာနချုပ်ထောက်ခံချက်ယူပြီး တောင်ကြီးရုံးခွဲကို ရွေးချယ်လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သိရ သည်။
ထို့ပြင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စု စာရင်းဝင်များ လျှောက်ထားနိုင်ကြောင်းသိရသည်။
လက်ရှိတွင်အွန်လိုင်းရက်ချိန်းစနစ်ဖြင့်ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့၌ လျှောက်ထားနိုင်ပြီး ရန်ကုန်အတွက် ရက်ချိန်းရယူနိုင်သောရက်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#passport #မြို့ပေါင်း၁၁မြို့ #နိုင်ငံကူးလက်မှတ် #QRစနစ်ရရှိ #ကရင်နီပြည်နယ် #တောင်ကြီး #Ayeyarwaddy_Times