ဧရာ၀တီတိုင်းမ်
ဧပြီ ၂၉ ရက်

မြ၀တီတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် တပ်မ (၄၄) တပ်မမှူး နှင့် စစ်ကောင်စီတပ်သားအချို့ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ၍ (၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်နေရာကို အစားထိုးခန့် အပ်ထားကြောင်း သိရသည်။

အဆိုပါ မဲဆောက်ဆေးရုံတွင် စစ်ကောင်စီတပ်မှ တပ်မမှူးအပါအ၀င် စစ်ကောင်စီတပ်သား ၃၀ ကျော် မှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှုခံယူနေရကြောင်းနှင့် တက်ရောက်ကုသနေသည့်အထဲတွင် အရာရှိအချို့လည်း ပါ၀င်သည်ဟု သိရသည်။

“မဲဆောက်ဆေးရုံမှာ တပ်မ ၄၄ က တပ်မမှူးရယ်၊ ဗိုလ်ကြီးအဆင့် အရာရှိအချို့ရယ်၊ တပ်သားတွေရယ် ၃၀ ကျော်လောက် ဆေးကုနေတာ။ ကုနေရင်းသေတာတွေလည်းရှိတယ်”ဟု မဲဆောက်တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။

၎င်းတပ်မမှူးနှင့်အဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ စခန်းစွန့်ခွာထွက်ပြေးလာပြီးနောက် ထိုင်း- မြန်မာနယ်စပ်အနီးရှိ ချစ်ကြည်ရေး အမှတ် (၂) တံတား အနီးတွင် ပုန်းခိုနေသည့် အဖွဲ့ဖြစ်ပြီး ၎င်းတို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဧပြီ ၁၂ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ဒရုန်းဗုံး များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် တပ်မ (၄၄) မှ တပ်မမှူး ဒုဗိုလ်မှူးကြီးစိုးမင်းထက်အပါအ၀င် ၃၀ ကျော် ဒဏ် ရာရရှိခဲ့ကြောင်း ဧပြီ ၂၃ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန် ထားသည်။

လက်ရှိတွင် ဒဏ်ရာအပြင်းအထန်ရရှိမှု‌ကြောင့် ဆေးကုသမှုခံယူနေရသည့် (၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်နေရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြဗိုလ်မှူးကြီး ညီညီဦး(စသတ ၄၁) ကို အစားထိုးခန့်အပ်ထားကြောင်း တပ်တွင်းသတင်း ရင်းမြစ်ထံကသိရသည်။

စစ်ကောင်စီတပ်မှ တပ်မ (၄၄) တပ်မမှူးနေရာကို ယခု ၂၀၂၄ ခုနှစ်အတွင်းတွင် အစားထိုးခန့်အပ်မှု သုံးကြိမ် မြောက်ပြုလုပ်ရခြင်းဖြစ်ပြီး ရှေ့ယခင်တပ်မမှူးများမှာ တော်လှန်ရေးတပ်ဖွဲ့များကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများရှိ၍ အစားထိုးခန့်အပ်မှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

#စစ်ကောင်စီ #တပ်မ၄၄တပ်မမှူး #ဗိုလ်မှူးကြီးစိုးမင်းထက် #မဲဆောက်ဆေးရုံ #အစားထိုးခန့်အပ် #Ayeyarwaddy_Times