
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဧပြီ ၂၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လှည့်လည် စစ်ကြောင်းထိုးကာ တပ်သားစုဆောင်းနေသည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဧပြီ ၂၈ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် မြေအောင်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၂၀ ခန့်ပါဝင်ပြီး အုတ်ဖိုမြို့နယ်အခြေစိုက် ခမရ-၆ တိမ်မြုပ်တပ်ရင်းမှဖြစ်ပြီး ပဒေသာမိုင်း ခုနစ် လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ငါး ဦးသေဆုံးခဲ့ပြီး နှစ် ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဂွေချိုးကွင်းရွာကိုပြန်ဝင်မယ်ဆိုပြီး အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ပေါ်တာ ဆွဲတာက ရွာစဉ်လှည့်ပြီး လူမရရအောင်ဆွဲတယ်။ ပိုက်ဆံပေးတဲ့ရွာတွေပေါ့။ ပိုက်ဆံပေးတဲ့ရွာတွေဆို နောက်မှဝင်တယ်ပေါ့။ ငွေကြေးနဲ့အလဲအလှည် လုပ်တာ။ ညဘက် သူတို့အလောင်းတွေရှင်းလင်းပြီး သူတို့ဆီက နယ်မြေရှင်းလင်းရေးထပ်လုပ်တာ ဦးထုတ်တွေ ကျည်ဘောက်တွေရတယ်။ အခုလောလောဆယ်တော့ ပေါ်တာဆွဲတာ ပါသွားတဲ့သူ မရှိသေးဘူး” ဟု မြေအောင်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကြောင်းမှာ သရက်နှစ်ဖျားလိမ်ကျေးရွာအုပ်စုရှိ ဂွေးချိုကွင်းကွင်းရွာနှင့် ကျွန်းလှကုန်းရွာများကို စစ်ကြောင်းထိုးနေစဉ် မိုင်းဆွဲခံရခြင်းဖြစ်ပြီး နယ်မြေ ရှင်းလင်းစဉ် စစ်ကောင်စီတပ်သား ဦးထုပ်များ၊ ကျည်ဘောက်များနှင့် စစ်အသုံး အဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂ ရက် နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်ထားသည့် ဆက်သွယ်ရေး ကေဘယ်ကြိုးကို ပြင်ဆင်ရန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံး ခဲ့ကြောင်းလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)
#အုတ်ဖို #စစ်ကြောင်းထိုး #ပေါ်တာဆွဲ #ခမရ၆ #မိုင်းဆွဲတိုက်ခိုက်ခံရ #Ayeyarwaddy_Times