
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၉ ရက်
မြင်ကွင်းမှ တစ်လနီးပါးအကြာပျောက်ကွယ်နေသည့် ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်း လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာသည်ကို ယနေ့ ဧပြီ ၂၉ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့ကတည်းက ပျောက်ကွယ်နေသည့် ဒုချုပ်စိုး၀င်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ တာ၀န်ရှိသူများနှင့်တွေ့ဆုံခြင်းနှင့် စစ်ဆေးရုံရှိ ဒဏ်ရာရစစ်ကောင်စီတပ်သားများကို သွားရောက်တွေ့ဆုံခဲ့သည်ဟုဆိုကာ စစ်ကောင်စီ ပိုင်ရုပ်သံ မီဒီယာများမှတစ်ဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒုချုပ်စိုး၀င်းသည် ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့နာက်ပိုင်းကတည်းက လူမြင်ကွင်းမှပျောက်ကွယ်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်ကို ဧပြီး ၉ ရက်နေ့တွင် ဒရုန်းဗုံးများကြဲချတိုက်ခိုက်စဉ် ဒုစစ်ခေါင်းဆောင်အပါအ၀င် အရာရှိများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒုစစ်ခေါင်းဆောင်မှာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ယခု ကဲ့သို့ လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။
တိုက်ခိုက်မှုခံရပြီးနောက်တွင် ၎င်းကို နေပြည်တော် စစ်ဆေးရုံသို့ ညတွင်းချင်းပို့ဆောင် ဆေးကုသမှုခံယူ စေပြီး နောက်ပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်ဆိုင်သည့် ကန်သာယာဆေးရုံသို့ပြောင်းရွှေ့ပြီး ဆေးကုသမှု ခံယူနေသည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်းကို ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင်ပြုလုပ်သည့် ဗထူးမြို့ကြည်းတပ်တိုက် ခိုက်ရေးသင်တန်းကျောင်း အောင်ဆန်းခန်းမတွင် ခြေ လျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများကို တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့သည့် ရုပ်သံကိုမြ၀တီမီဒီယာတွင် ထုတ်လွှင့်ခဲ့သည်ကို နောက်ဆုံးတွေ့ရှိရခြင်း ဖြစ်သည်။
စစ်ကောင်စီက ဖော်ပြလာသည့် ယနေ့ ဧပြီ ၂၉ ရက်နေ့ သတင်းတွင်မူ ဒုစစ်ခေါင်းဆောင်နှင့်အတူ ကစထမှူး ညွန့်၀င်းဆွေနှင့် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်လင်းမောင်တို့အပြင် လေကြောင်းရန်ကာ ကွယ်ရေး အထူးတပ်ဖွဲ့များအပြင် လုံခြုံရေးအထူးတပ်ဖွဲ့များနှင့်ပါ လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရသည်။
ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပျောက်ဆုံးနေပြီး ၂၀ ရက်အကြာတွင် အသားအစားထိုးကုသနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောကြားလာ၍ အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအဖြစ် ဧပြီ ၂၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။
“လက်မောင်းက အရိုးပေါ်ထားတယ်။ ခြေထောက်မှာ ဒရုန်းပေါက်ကွဲမှုက စင်ထားတဲ့ဒဏ်ရာက ဘယ်ဘက်ပေါင်မှာ ထိသွားတယ်။ အဲဒါကို ညာဘက်ပေါင်က အသားကိုယူပြီး ဘယ်ဘက်ပေါင်မှာ အစားထိုးဖြည့် နေတယ်။ လက်မောင်းက ဒဏ်ရာကိုလည်း ညာဘက် ပေါင်ကအသားကိုပဲ ယူပြီးကုသနေရတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်တွင်းသတင်းရင်းမြစ်က ထိုသို့ပြောကြားသော်လည်း အတည်ပြုနိုင်ခြင်းမရှိ၍ ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေဆဲတွင်ပင် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ဒုတိယ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်း လူမြင်ကွင်းသို့ ထွက်ပေါ်လာသည့်အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်ခန့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ၊ကချင်ပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနှင့် ဧရာ၀တီတိုင်းတို့မှ စစ်ကောင်စီခန့် ဝန်ကြီးချုပ်များ၏ လှုပ်ရှားမှုများကိုပါ စစ်ကောင်စီ၏ ဝါဒဖြန့်ရုပ်သံမီဒီယာများတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
ပုံစာ- ယနေ့ ဧပြီ ၂၉ ရက်နေ့တွင် တွေ့ရသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
#စစ်ကောင်စီ #ဒုစစ်ခေါင်းဆောင် #ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း #လူမြင်ကွင်း #ထွက်ပြ #Ayeyarwaddy_Times