
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီလ ၂၈ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ် ချောင်းရွာရှိ စိတ်ကျန်းမာရေးချို့တဲ့နေသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးပြီး ရိုက်နှက်လို့ သေဆုံး သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။
သဘွတ်ချောင်းရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေးချို့တဲ့သူ ဦးဝင်းကျော်ကို ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပျူစောထီး အဖွဲ့ဝင်များက စစ်ဆေး စရာရှိသည်ဟုဆိုကာ နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံ က သိရသည်။
“ဦးဝင်းကျော်ကို ဖမ်းသွားတဲ့နေ့မှာ သူ့အမေက လိုက်ပြီးသူ့သားကိုသွားထုတ်သေးတယ်။ ပျူစောထီး အဖွဲ့တွေက ပြန်မလွှတ်ပေးဘူး။ စစ်ဆေးပြီး ပြန်လာပို့ပေးမယ်ပြောလို့ သူ့အမေလည်းပြန်လာလိုက်တာ”ဟု ဦးဝင်းကျော် မိသားစုနှင့်နီးစပ်သည့် သဘွတ်ချောင်း ကျေးရွာနေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အပြင်းအထန်နှိပ်စက်ခံရ၍ သတိလစ် မေ့မျောနေသည့် ဦးဝင်းကျော် ကို ဧပြီ ၂၆ ရက် ည ၈ နာရီခန့်တွင် ပျုစောထီးအဖွဲ့က ဆိုင်ကယ်ဖြင့်နေအိမ်သို့ လာရောက်ပို့ဆောင် ပေးပြီးနောက် မိသားစုဝင်များက ညတွင်းချင်း ကံပေါက်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိသောဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်းသိရသည်။
“ဦးဝင်းကျော် ကိုဖမ်းသွားတုန်းက အကောင်းလေ။ နောက်တစ်နေ့ လာပို့တော့ လူမှန်း သူမှန်းတောင်မသိတော့ဘူး။ ဆေးရုံကို ပို့ဖို့ ရွာကကားတွေ ကိုအကူအညီတောင်းတာ တစ်စီးမှ လိုက်ပေးမရဲကြဘူး။ ဒါနဲ့ပဲ့ ဆိုင်ကယ် ဘေးတွဲလေးထဲကို ခွေခွေလေးထည့်ပြီး ညတွင်းချင်းဆေးရုံကိုတင်သွားတာပေါ့။ ရေတပ်ဆေး ရုံကိုအရင်သွားပြကြတယ်။ ရေတပ်က ကံပေါက်ဆေးရုံကို လွှဲတယ်။ ဒဏ်ရာကအရမ်းပြင်းထန်တော့ ကံပေါက် ဆေးရုံကို ရောက်တာနဲ့ ဆုံးသွားတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ကံပေါက် ဆေးရုံမှာ ဆေးစစ်ချက်များ ပြုလုပ်ပြီး နောက် သေဆုံးသွားသည့် ဦးဝင်းကျော် အသက် (၄၀) ဝန်းကျင်ကို သဘွတ်ချောင်းရွာရှိ နေအိမ်သို့ ညတွင်းချင်း ပြန်လည် သယ်ယူခဲ့ကြောင်းသိရသည်။
နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားသည့် ဦးဝင်းကျော်၏ သတင်းကို အပြင် မပေါက် ကြားစေရန်အတွက်သဘွတ်ချောင်းအုပ်ချုပ်ရေးမှူး နွမ်ကြီးက မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုခဲ့ပြီး အသုဘအတွက် ကုန်ကျစရိတ်များကိုလည်း အားလုံးတာဝန်ယူ အကုန်ကျခံပေးမည်ဟုဆိုကြောင်း ဒေသခံအချို့ထံက သိရသည်။
သေဆုံးသူ ဦးဝင်းကျော်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်းက သဘွတ်ချောင်းရွာ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ပုံစာ ၊ သေဆုံးသူ ဦးဝင်းကျော်။
#ရေဖြူမြို့နယ် #သဘွတ်ချောင်းရွာ #စိတ်ကျန်းမာရေးချို့တဲ့ #အုပ်ချုပ်ရေးမှူး #ပျူစောထီးအဖွဲ့ဝင်များ #ဖမ်းဆီးရိုက်နှက် #သေဆုံး #Ayeyarwaddy_Times