
ဧရာ၀တီတိုင်းမ်
ဧပြီ ၂၈ ရက်
အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်းဟောင်းများကို ၆၇ နှစ်အထိ တာ၀န်ထမ်းဆောင်ခိုင်းပြီး လိုအပ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ၏ ခွင့်ပြုချက်ဖြင့် ၅ နှစ်ထက်ပို၍ ခိုင်းစေမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က လျှို့ဝှက်ဟုဆိုကာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးတံဆိပ်ဖြင့် ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်းရမည့်သူများကို အသက်အရွယ်လိုက် တာ၀န်များ ကန့်သတ်ထားပြီး စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ရေးအမိန့်စာကိုလည်း စစ်ဘက် အာဏာပိုင်များမှ ထုတ်ပြန်ပေးရမည်ဟုဆို သည်။
“ခုထွက်လာတဲ့ စာအရဆိုရင် သုံးမရတဲ့ အတိုအပြတ်ကလွဲရင် အကုန်ပြန်ခေါ်တာ။ စစ်ဆင်ရေးထဲကို ၅ နှစ် အထိဆင်းပေးပြီး တပ်အင်အားပြုန်းတီးမှုအရ ထပ်တိုး ခိုင်းချင်လည်းခိုင်းဦးမယ်ဆိုပြီး တရား၀င်ကို စာ ထုတ်ချလိုက်တာ။ မသေမချင်း ရှေ့တန်းမှာသွားသေ တော့လို့ပြောတာနဲ့တူတူပဲ”ဟု အငြိမ်းစားအရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အရန်စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းရမည့်သူများကို အသက် ၅၅ နှစ်အောက်ဖြစ်ပါက လှုပ်ရှားစစ်ဆင် ရေး တာ၀န်၊ အသက် ၅၅ နှစ်မှ ၆၇ နှစ်အထိ ဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေး၊ ခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာ၀န်များကို ထမ်းဆောင်ခိုင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဟောင်းများကို အသက် ၆၇ နှစ်ထက်ကျော် ၍ စစ်မှုထမ်းခွင့်ပြုမည် မဟုတ်ကြောင်းနှင့် စစ်မှုထမ်းသက် ၅ နှစ်ထက်ပို၍ တာ၀န်ထမ်းဆောင်ခွင့် မပြုဟု ဆိုထားသော်လည်း လိုအပ်ပါက ၅ နှစ်ထက်ပို၍ တာ၀န်ပေးအပ်ရန်ဆိုသည့် အချက်ကို ထပ်မံထည့်သွင်းထားသည်။
ထို့အပြင် တာ၀န်ထမ်းဆောင်သည့်အပိုင်းတွင် တပ်ချုပ်၏ ခွင့်ပြုချက်အမိန့်ဖြင့် လိုသလိုစီမံပိုင်ခွင့်ရှိ ကြောင်းကိုလည်း အထူးထည့်သွင်းဖော်ပြထားသည်။
အရန်တပ်ဖွဲ့ဥပဒေဖြင့် ပြန်လည်တာ၀န်ထမ်းရမည့် စစ်မှူထမ်းဟောင်းများကို ၃ နှစ်မပြည့်ဘဲ နုတ်ထွက်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် စစ်မှုပြန်လည်ထမ်းသည့်နေ့မှစ၍ ၃ နှစ်အထိ အချိန်ပြည့် တာ၀န်ထမ်းဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စစ်မှုထမ်းဆောင်ရန် အကြောင်းပြချက်မရှိဘဲ သတင်းပို့ရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ အငြိမ်းစား အကျိုးခံစားခွင့်များကို ဆိုင်းငံ့မည်ဖြစ်ကြောင်း စည်းကမ်းချက်တစ်ရပ်အနေဖြင့် ထုတ်ပြန် ထားသည်။
“တပ်ထဲပြန်မ၀င် မနေရ ချည်ပြီးတုပ်ပြီး လုပ်ထားတယ်။ ပြန်မ၀င်ချင်လို့ ရှောင်လွှဲရင်လည်း တစ်သက်လုံးတပ်အတွက် ပေးဆပ်ထားတဲ့ အကျိုးခံစားခွင့်တွေကိုပါ ရုတ်သိမ်းခံရမယ်။ နောက်ဆုံးသေဖို့စောင့်နေတဲ့ သေစာပင်စင်ကိုတောင် ဖြုတ်ယူခံရမယ် ဆိုတော့ ခေါင်းဆောင်ပိုင်းတွေက တပ်အင်အားလိုအပ်ချက်ကိုပဲ အတင်းဖြည့်ချင်ပြီး အောက်ခြေဘ၀တွေကို ထည့်မတွက်ဘူး”ဟု စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုလျှို့၀ှက်ထုတ်ပြန်ချက်အရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခံရသူများသည် အနည်းဆုံး ၅ နှစ်အထိ စစ် ကောင်စီအတွက် တာ၀န်ထမ်းဆောင်ရမည်ဖြစ်ပြီး ရှေ့တန်း စစ်မျက်နှာများသို့ပါ သွားရောက်ရမည်ဖြစ်ပြီး ထို့အပြင် တာ၀န်ထမ်းဆောင်ခွင့် အတိုး အလျော့ကိုလည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တစ်ဦးတည်း အခွင့်အာဏာဖြင့် လိုသလိုစီမံ သွားမည်ဖြစ်ကြောင်း လျှို့ဝှက်စာအရ သိရ သည်။
တာ၀န်ထမ်းဆောင်ရန် ခေါ်ယူခံရသူများမှာ ကိုယ်ခန္ဓာ ချို့ယွင်းသူမှလွဲ၍ စစ်တပ်မှဆန္ဒအလျောက် နုတ်ထွက်ထားသူနှင့် သက်ပြည့်အငြိမ်းစားရယူထားသော စစ်မှုထမ်းဟောင်း အရာရှိနှင့် စစ်သည်အားလုံးကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-CINCDS
ပုံစာ-ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက တွေ့ဆုံစဉ် (ပုံဟောင်း ၂၀၂၃ စက်တင်ဘာ ၂၁)
#အရန်တပ်ဖွဲ့ဥပဒေ #စစ်မှုထမ်းဟောင်း #အသက်၆၇နှစ် #တာ၀န်ထမ်းခိုင်း #စစ်ကောင်စီ #လျှို့ဝှက်ထုတ်ပြန် #Ayeyarwaddy_Times