
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်ခဲ့ပြီး ဘက် ပြောင်းခိုလှုံမှုတွေနဲ့ ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးခဲ့တာကြောင့် မြန်မာစစ်တပ်ဟာ အခြေအနေ ဆိုးနေပြီ ဖြစ်ပြီး လမ်းဆုံလမ်းခွအခြေအနေကို ရောက်ရှိလာခဲ့ပြီဆိုတာ ညွှန်ပြပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ပြင်ပအစုအဖွဲ့တွေပါ အဆုံးသတ် အလှည့်အပြောင်းတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။ စစ်တပ် အုပ်စိုးမှုအလွန်ကာလဆိုတာကို မဖြစ်မနေ ထည့်တွေးသင့်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားရတဲ့နယ်မြေတွေကို ပြန်သိမ်းဖို့ သွေးရူးသွေးတမ်း ကြိုးစား နေပြီး ပိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကိုပါ ကျူးလွန်လာနိုင်တယ်။ နောက်ထပ် ဖြစ်နိုင်ခြေတစ် ခုက စစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေဟာ သူတို့ရဲ့ စည်းစိမ်တွေကို ရသလောက် ယူဆောင်ပြီး ကြား နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနိုင်ပါတယ်။ မဟာမိတ် အတိုက်အခံ အင်အားစုတွေက မြန်မာစစ်တပ်ကို စစ် ရေးအရ ဖိအားပေးနေခဲ့တာ ကြာလှပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေအတွင်း သိသာထင်ရှားတဲ့ တိုး တက်မှုတွေ အချိန်တိုအတွင်း ဖြစ်ပေါ်လာပါတယ်။
စစ်ကောင်စီဟာ ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီလိုမျိုး အရေးပါလှသော မြို့ကို ဆုံးရှုံးခဲ့ရတယ်။ မြဝ တီမြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်တော့ရင် မြန်မာစစ်တပ်အတွက် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက် ဖြစ် ရုံသာမကဘဲ တော်လှန်ရေးအဖွဲ့တွေက ထိုင်းမှတစ်ဆင့် စစ်လက်နက်ပစ္စည်းတွေ နယ်စပ်ဖြတ်ကျော် သယ်ယူဖို့ လမ်းပွင့်လာနိုင်တယ်။ ထိုင်းအစိုးရက မြန်မာစစ်တပ်ရဲ့ အရည်အချင်းအပေါ် အယုံအကြည် လျော့ကျလာတဲ့တိုင် ဒီကိစ္စ မျိုးကို ခွင့်ပြုမယ်ဆိုတာကတော့ သံသယ ဖြစ်စရာပါ။
တော်လှန်ရေးအင်အားစုတွေဟာ မြန်မာစစ်တပ်က နယ်မြေတည်ငြိမ်တယ်လို့ ယူဆထားတဲ့ ဧရိ ယာတွေမှာပါ ထင်မှတ်မထားတဲ့ ထိုးစစ်တွေ အရှိန်မြှင့်ခဲ့ပြီး ဒါဟာ တော်လှန်ရေးဖက်က စစ်တပ်ကို ဘယ်အချိန် ဘယ်နေရာမှာမဆို အချိန်မရွေး တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေနဲ့ စစ်ဗိုလ်ချုပ်တွေ ခိုင်းသမျှ လုပ်နေရတဲ့ လက်အောက်ငယ်သားတွေဆီပါ ပေးပို့တဲ့ သတင်းစကား ဖြစ်ပါ တယ်။
မကြာသေးခင်က မြန်မာစစ်တပ်ရဲ့ ဌာနချုပ်လို့ ပြောနိုင်တဲ့ နေပြည်တော်ကို တော်လှန်ရေးတပ် တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုက အရမ်းကြီးမားတာမျိုး မဟုတ်လောက်ပေမယ့် စစ်ဗိုလ်ချုပ်တွေကိုတော့ သွေးပျက်ထိတ်လန့်စေမယ့် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက်မျိုး ဖြစ်ပါလိမ့်မယ်။ ဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ဗမာအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်း ဒေသ တွေသာမက နေပြည်တော်အထိပါ စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်စွမ်း ရှိနေပြီဆိုတဲ့ အရှိတရားမျိုးကို ပေါ် လွင်စေပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံအနောက်ပိုင်းမှာ အင်အားကြီးမားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ကိုလဲ ရှုံးနိမ့်နေပါတယ်။ အခုဆိုရင် တိုင်းရင်းသားနယ်မြေတွေမှာ မြန် မာစစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာတွေက ပိုမို ကျဉ်းမြောင်းလာနေပြီး ပြည်မလို့ ခေါ်ကြတဲ့ ဗမာအ များစု နေထိုင်ရာ အလယ်ပိုင်းဒေသတွေမှာတောင် မြို့ကြီးပြကြီး ဧရိယာတွေလောက်ကလွဲရင် စစ်တပ်ရဲ့ နယ်မြေစိုးပိုင်မှု မရှိတော့ပါဘူး။ မြန်မာစစ်တပ်ဟာ ဘက်ပြောင်းခိုလှုံတာတွေနဲ့ လက်နက်ချကြတာတွေ ကို ဆက်တိုက် ကြုံနေရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အရင်ကထက် ရဲတင်းလာပြီး မြန်မာစစ်တပ်ရဲ့ မဟာဗျူဟာ အရ အရေးပါတဲ့ နေရာတွေကိုပါ ပိုမိုကြီးမားတဲ့ စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်လာသလို ဗိုလ်သင်တန်း ကျောင်းကိုပါ တိုက်ခိုက်ဖို့ ကြိုးပမ်းလာပါတယ်။ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို တိုက်ခိုက် တာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်တာတွေ ပိုပြီး တွေ့လာရပါတယ်။ မြန်မာစစ်တပ်ဟာ အောက်ခြေ တပ်သားတွေကို ရိက္ခာခွဲတမ်း နည်းနည်းသာပေးပြီး အရာရှိတွေကိုတော့ မျက်နှာသာပေးကြောင်း၊ စစ် တပ်ထဲမှာ အရေးကြီးတဲ့ အရင်းအမြစ်တွေ သိုလှောင်ထားမှုလည်း လျော့ပါးလာပြီလို့ The Washington Post သတင်းစာက ဖော်ပြပါတယ်။
စစ်တပ်ထဲကို ဝင်ရောက်ကြဖို့ စည်းရုံးတဲ့ ကွန်ရက်တွေကလည်း လုံးဝ အလုပ်မဖြစ်တော့တဲ့ အ ဆင့်ကို ရောက်နေပါပြီ။ စစ်သားတွေက ကျီးလန့်စာစား ဖြစ်နေကြပြီး စစ်ဗိုလ်ချုပ်တွေကတော့ သူတို့အ ဖွဲ့အစည်းဟာ အခြေအနေ မလှတော့ဘူးဆိုတဲ့ အရှိတရားကို လက်အောက်ခံ အကြပ်စစ်သည်တွေဆီ ရောက်မသွားအောင် လှည့်စားဖုံးကွယ်ထားဆဲပါ။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်သမားတွေ ပါလို့ မြန်မာစစ်တပ်က ဘယ်လိုပဲ ဝါဒဖြန့်နေပါစေ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းခိုလှုံ သွားတာတွေ ဆက်တိုက် များပြာလာတာကို ကြည့်ရင် အဲဒီဝါဒဖြန့်ချိမှုက အလုပ်မဖြစ်တော့တာ သိသာ စေပါတယ်။
ယူကရိန်းစစ်ပွဲအတွက် လက်နက်လိုအပ်ချက်တွေ ရှိနေတဲ့ ရုရှားကလွဲရင် ဘယ်နိုင်ငံကများ မြန် မာစစ်တပ်အတွက် စစ်လက်နက်တွေကို ပေါ်ပေါ်ထင်ထင် ဖြည့်ဆည်းပေးရဲသလဲ၊ ဒါမှမဟုတ် သံတမန် ရေးရာအရ မြန်မာစ်တပ်ကို မားမားမတ်မတ် ထောက်ခံပေးရဲသလဲ ဆိုတာတွေကလည်း မေးခွန်းထုတ်စ ရာ ဖြစ်လာပါတယ်။ ရုရှားက မြန်မာစစ်တပ်ဆီ တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်း တချို့ကို တောင် ယူကရိန်းစစ်ပွဲအတွက် လိုအပ်လို့ပါဆိုပြီး ပြန်ဝယ်ယူသွားပါသေးတယ်။ အရင်းအမြစ် ရရှိမှုတွေ လျော့နည်းလာတာကြောင့် မြန်မာစစ်တပ်ဟာ လက်နက်ပြုန်းတီးမှုကို စဉ်ဆက်မပြတ် ပြန်ဖြည့်တင်းဖို့ ခက်ခဲလာပါတယ်။
သံတမန်ရေးရာအရ ကြည့်မယ်ဆိုရင် အာဆီယံအဖွဲ့ဟာ အာဏာသိမ်းမှု ဖြစ်ပွားပြီး ကတည်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကြားဝင် ဖြေရှင်းနိုင်စွမ်း မရှိတာကို တွေ့ရပါမယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား မြန်မာစစ်တပ်အပေါ် ရှုမြင်မှုနဲ့ စစ်တပ်တည်မြဲနိုင်ခြေတွေအပေါ် အမြင်ကွဲပြားမှု တွေလည်း နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ကို နွေးထွေးဟန် ပြသခဲ့ဖူးတဲ့ ထိုင်းလို မျိုး ခြံစည်းရိုး ခွထိုင်နေတဲ့ အာဆီယံနိုင်ငံတချို့တောင် အခုအခါမှာတော့ စစ်တပ် ပျက်သုဉ်းသွားနိုင်ခြေ ကို ကြိုတင်မှန်းဆနေပါပြီ။
သံခင်းတမန်ခင်းအရ အာဏာသိမ်း မြန်မာစစ်တပ်ကို အကာအကွယ် ပေးလေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံ က စစ်တပ်ရဲ့ လုပ်သမျှ အဆီအငေါ် မတည့်တာတွေနဲ့ မြန်မာပြည်တွင်းပဋိပက္ခက တရုတ်နိုင်ငံကိုပါ သက်ရောက်လာတဲ့အပေါ် စိတ်ပျက်လာပုံ ပေါ်ပါတယ်။ အခုဆိုရင် ထိုင်းနဲ့တရုတ်နယ်စပ်တွေက အရေး ကြီးတဲ့ ဧရိယာတွေဟာ မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ လက်ထဲကို ကျရောက်နေပါပြီ။ အာဏာသိမ်း စစ်ကောင်စီဟာ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ။
ဘယ်လောက်ကြာကြာ သက်ဆိုးရှည်နေဦးမှာလဲဆိုတဲ့ မေးခွန်းတွေရှိနေပြီး ဖြစ်နိုင်ခြေ အမျိုးမျိုး ကို မူတည်ပြီး အဆုံးသတ်ရလဒ်ကလည်း ကွဲပြားသွားနိုင်ပါတယ်။ မကြာသေးခင်က မြန်မာစစ်တပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်တန်းအဆင့် အကျဉ်းသား အချို့ကို နေအိမ်အကျယ်ချုပ်ဆီ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းမျိုးတွေ ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာ စစ်တပ်ဟာ အလျှော့ပေးရမယ့် အခြေအနေကို ကြိုတွေးပြီး ပြစ်ဒဏ်သက်သာရေးအတွက် အခု လို လုပ်နေတာလားဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ရက်စက်မှုတွေကို တာဝန်ယူမှုနဲ့ တာဝန်ခံမှု မလိုဘဲ လွှတ်ပေးလိုက်ရမှာလား။ ဒါမှမဟုတ် ပိုပြီး ကောက်ကျစ်စဉ်းလဲတဲ့ လုပ်ရပ်အဖြစ် အရပ်သားအ စိုးရရဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လူသားဒိုင်းကာအဖြစ် အသုံးချဖို့ ရည်ရွယ်ထားလို့လား။ မြန်မာစစ် တပ်မှာ အလံဖြူထောင်ပြီး လက်နက်ချတဲ့သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်သွားသူတွေ များလာတဲ့အခါ စစ်တပ်က နှစ်ခြမ်းကွဲသွားပြီး တချို့သော ထိပ်တန်းစစ်ဗိုလ်ချုပ်တွေက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပုန်ကန်တော်လှန်ကြမလား။
မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်ကနေ ထွက်ပြေးဖို့ အစီအစဉ် ရေးဆွဲထားကြသလား။ စစ် ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ရနိုင်သမျှ သယ်ယူသွားဖို့ တွေးဆနေကြမှာ သေချာပေ မယ့် ဒီကိစ္စကရော ဖြစ်နိုင်ခြေရှိရဲ့လား။ တော်လှန်ရေးတပ်ဖွဲ့တွေက ပိုမို အားကောင်းတဲ့ စစ်ဆင်ရေးကြီး တွေကို ဆင်နွှဲလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း သူတို့ အဖွဲ့အစည်းဟာ တိုက်ပွဲဝင်နိုင်စွမ်း ယုတ်လျော့လာပြီဆိုတဲ့ အခြေအနေမှန်ကို သဘောပေါက်လာကြမလား။ ဒီအချိန်မှာတော့ အဆုံးသတ်ရ လဒ် အတွက် ဖြစ်နိုင်ခြေ အားလုံးကို လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။
Council on Foreign Relations ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Joshua Kurlantzick ရေးသားထားတဲ့ The bottom is falling out for Myanmar’s junta ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
#Ayeyarwaddy_Times